ကျောက်ပန်းတောင်း ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအုပ်ကြီးဖလား မေဂျာပေါင်းစုံ အားကစားပြိုင်ပွဲများ ဖွင့်ပွဲကို ယနေ့ နံနက် (၉)နာရီက၊ အဆိုပါကျောင်းရှိ ဖူဆယ်ဘောလုံး အားကစားပြိုင်ကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများ ဖွင့်ပွဲကို ပြိုင်ပွဲဝင်ကြမည့် အားကစားသမားများက မေဂျာအလိုက် အလံကိုင်အဖွဲ့များဖြင့် ကွင်းအတွင်း ဝင်ရောက်နေရာယူကြပြီး၊ ကျောင်းအုပ်ကြီးကိုယ်စား ဒုတိယကျောင်းအုပ်ကြီး ဦးဟန်ဝင်းအောင်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲများကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ဒုတိယကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးကြပြီး၊ အားကစားသမားများက ဒုတိယကျောင်းအုပ်ကြီး၏ ရှေ့မှောက်တွင် အားကစားသစ္စာအဓိဋ္ဌာန်များ ရွတ်ဆိုကြသည်။ယင်းနောက် ဒုတိယကျောင်းအုပ်ကြီး ဦးဟန်ဝင်းအောင်က အားကစားပြိုင်ပွဲဖွင့်ပွဲ မိန့်ခွန်းပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ဖွင့်ပွဲအပြီးတွင် ဌာနမှူးဆရာများနှင့် ကျောင်းသားများ ချစ်ကြည်ရေးပြိုင်ပွဲအဖြစ် ဖူဆယ်ဘောလုံးပြိုင်ပွဲကို စတင်ကျင်းပရာ၊ ကျောင်းသားအသင်းက ဆရာအသင်းကို (၆)ဂိုး၊ (၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ အမျိူးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ၊ EC/Mech အသင်းနှင့် EP/Civil အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ၊ EC/Mech အသင်းက (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အားကစားပြိုင်ပွဲများမှာ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများ ပါဝင်ကြောင်း သိရပြီး၊ မေဂျာအလိုက် ပြိုင်ပွဲဝင် အားကစားသမားစုစုပေါင်း(၁၅၀)ဦးဖြင့် (၁၅-၇-၂၀၂၄) ရက်နေ့မှ (၂၆-၇-၂၀၂၄) ရက်နေ့အထိ နေ့စဉ် နံနက်ပိုင်းတစ်ကြိမ်နှင့် ညနေပိုင်းတစ်ကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)