သထုံမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း၏ အခြေခံလူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

သထုံ ဇူလိုင် ၁၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအရ သထုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံလူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ‌သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသားဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်က သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိသည့် အသိပညာအတတ်ပညာများအား လက်တွေ့နယ်ပယ်၌ ပြန်လည်အသုံးချပြီး အသေးစားစီးပွားရေးလုပ်ငန်းရှင်များအဖြစ် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်စေလိုပါကြောင်း အမှာစကားပြောကြားပြီး ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်အေးက အသေးစားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန် တစ်ဦးချင်းဝင်ငွေတိုးတက်လာစေရန်၊ ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်‌စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်ရည်ရွယ်ကာ သင်တန်းအား စီစဉ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၁၀ ဦးတက်ရောက်ကြပြီး ဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ Scrub နှင့် ဆပ်ပြာခရင်မ်အမျိုးမျိုးတို့ကို ၇ ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း အခြေခံသင်တန်းပြီးစီးပါက မွမ်းမံသင်တန်းကို ၇ ရက်ကြာ ထပ်မံသင်ကြားပေးမည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက ထူးချွန်ပြီး လုပ်ငန်းထူထောင်လိုသူတို့အားရွေးချယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)