ကျောက်ဆည် ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ကျောက်ဆည်မြို့နယ် သမန္တလင်းကျေးရွာ ရန်အောင်မြင်ဓမ္မာရုံတွင် အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး လုပ်ငန်းစီမံကိန်းအဖြစ် အခြေခံစက်ချုပ်နည်းသင်တန်းကို ယနေ့ နံနက် (၁၀) နာရီက အခမဲ့ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခြေခံစက်ချုပ်နည်းသင်တန်းတွင် ကျောက်ဆည်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးအောင်သူက အခြေခံစက်ချုပ်ပညာသည် မိသားစုတစ်ဦးချင်းဝင်ငွေ တိုးတက်ရေးအတွက် လက်တွေ့အသက်မွေး ဝမ်းကျောင်းပညာဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် အခြေခံစက်ချုပ်ပညာများကို စိတ်ပါဝင်စားစွာ ကြိုးစားသင်ယူသွားကြပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရန် အမှာစကား ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇေယျာဝင်းက တစ်နိုင်တစ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်၊ အခြေခံစက်ချုပ်နည်းပညာနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ထူးချွန်သူ(၅)ဦးအား ရွေးချယ်ကာ လုပ်ငန်းများ ထူထောင်နိုင်ရန် စက်ပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးအောင်သူနှင့် ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇေယျာဝင်းက ကျေးရွာလုပ်ငန်းကော်မတီဥက္ကဋ္ဌထံသို့ စီမံကိန်းလုပ်ငန်းများနှင့် သင်တန်းသုံးစက်ကိရိယာပစ္စည်းများ ပေးအပ်ခဲ့ပြီး သင်တန်းသူများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြားခဲ့ကာ စုပေါင်းမှတ်တမ်းများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစက်ချုပ်နည်းသင်တန်းကို ၂၀၂၄ ခုနှစ် ဇူလိုင်(၁၅)ရက်မှ ဩဂုတ်(၁၃)ရက်နေ့အထိ အခမဲ့ သင်ကြားဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး မွမ်းမံစက်ချုပ်နည်းသင်တန်းကို ဩဂုတ်(၂၁)ရက်နေ့မှ စက်တင်ဘာ(၁၃)ရက်နေ့အထိ ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ သမန္တလင်း၊ ကျားအိုကြီး၊ ကျားအိုလေး၊ မယ်ဇယ်တော၊ ဝမ်းသောင်ကျေးရွာများမှ သင်တန်းသူ (၁၅)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)