ညောင်ဦး ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု (Bakery and Snack) နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က တောင်ဇင်းကျေးရွာအုပ်စု၊ ဘုန်းတော်ကျေးရွာ၊ မြင်သာကျောင်းတိုက်အတွင်းရှိ ဝိမုတ္တိရသသုခ ဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီတာထွန်းက စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက စီမံကိန်းလုပ်ငန်း လွှဲပြောင်းပေးအပ်၍ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က သင်တန်းသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်ကြသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား/သူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် သင်တန်းသားသင်တန်းသူများ လက်တွေ့အသုံးချသင်ကြားမည့် စက်ပစ္စည်းများနှင့် မန်ကျည်း၊ ကုလားပဲ၊ ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု (Bakery and Snack) နည်းပညာသင်တန်းတွင် လက်တွေ့အသုံးပြုသင်ကြားမည့် ပစ္စည်းများအား ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း