မောက်မယ် ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ နေ့ကြီးရက်ကြီးများမမေ့အပ်စေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် အလယ်တန်းအဆင့် စာစီစာကုံးနှင့် မူလတန်းအဆင့်ပန်းချီပြိုင်ပွဲကို ဇူလိုင်လ(၁၁)ရက်နေ့က ကျင်းပခဲ့ရာ ယနေ့နံနက် ၉ နာရီက ဟောပြောပွဲနှင့် ဆုပေးပွဲကို အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဝိုဆိုင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အကျယ်တဝင့်ဟောပြောခဲ့ပြီး အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် “မမေ့စဉ်လာ အာဇာနည်နေ့အချိန်အခါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကိုလည်းကောင်း ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၅၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး (၇၇)နှစ်မြောက်အာဇာနည်နေ့အကြိုဟောပြောပွဲအပြီးတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)