ပင်းတယ ဇူလိုင် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် Medicinal Marigold ပန်းမျိုးပင်များကို ကျေးရွာများရှိ တောင်ယာခြံများတွင် ဧကအများအပြား စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Medicinal Marigold ပန်းများကို မြောက်အမေရိကတိုက်တွင် စတင်စိုက်ပျိုးကြပြီး မျိုးစိတ်ပေါင်း (၅၀) မျိုးအနက် စီးပွားဖြစ်စိုက်ပျိုးသည့် မျိုးစိတ် (၅)မျိုးရှိကြောင်း၊ Medicinal Marigold ပန်းပွင့်အရောင်များမှာ အဝါရောင်၊ အနီရောင်နှင့် လိမ္မော်ရောင်များ ရှိသည့်အနက် ယခုစိုက်ပျိုးထားသည့် အမျိုးအစားမှာ လိမ္မော်ရောင်ဖြစ်ကြောင်း၊ Medicinal Marigold ပန်းပင်များကို စိုက်ပျိုးရာတွင် မျိုးစေ့များကို ပျိုးဘောင်မှ ပျိုးထောင်ပြီး အပင်အမြင့် (၄)လက်မ ကျော်လာပါက စိုက်ခင်းအတွင်းသို့ မြေခံအဖြစ် နွားချေးနှင့် ဘိုကာချီမြေဆွေးများကို ရောထည့်ပြီး ပျိုးပင်များကို ပင်ကြား (၃)ပေ၊ တန်းကြား (၁)ပေထား၍ စိုက်ပျိုးရကြောင်း၊ ထိုသို့ ပြောင်းရွှေ့စိုက်ပျိုးပြီး တစ်လခွဲ နှစ်လခန့်အကြာတွင် အပင်မှ အဖူး၊ အပွင့်များ ဖူးပွင့်လာချိန်တွင် စတင်၍ ခူးဆွတ်ရောင်းချနိုင်ပြီဖြစ်ကြောင်းနှင့် မြေ (၁)ဧကလျှင် ပျိုးပင်တစ်သောင်းခွဲခန့် စိုက်ပျိုးနိုင်ပြီး အပင်အရွယ်အစားနှင့် အပွင့်အရေအတွက်ပေါ်မူတည်၍ တစ်လလျှင် (၄)ကြိမ်နှင့်အထက် ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ ယခင်နှစ်က ပန်းပွင့်တစ်ပိဿာကို (၅၀၀)ကျပ်မှ (၇၀၀)ကျပ်ဖြင့် ရောင်းချရပြီး ယခုနှစ်တွင် ယခင်နှစ်ထက် အထွက်နှုန်းတိုးပြီး ဈေးကောင်းရရှိရန်မျှော်လင့်နေကြောင်း Medicinal Marigold ပန်းပင်စိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှသိရသည်။
ရဲထက်ဦး(ဒေသပြန်/ဆက်)