မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

မိတ္ထီလာ ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မိတ္ထီလာအခြေပြုဘာသာရေးနှီးနွယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကော်မတီ၊   မြို့နယ်စာရေးဆရာအသင်းနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)  တို့ ပူးပေါင်းကျင်းပသော အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ဘာသာရေးနှီးနွယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဦးစွာကျင်းပရာ မိတ္ထီလာအခြေပြုဘာသာရေးနှီးနွယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနာယက ဆရာတော်ဘဒ္ဒန္တသုမနက အဖွင့်ဩဝါဒ မိန့်ကြားသည်။ ဆက်လက်၍  ၎င်းကော်မတီဥက္ကဋ္ဌ ထီလာလိတ်ဗျူးဟိုတယ်ပိုင်ရှင် ဦးသန်းစိုးက အမှာစကား ပြောကြားပြီး ကော်မတီဒုတိယဥက္ကဋ္ဌ  မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က ပြိုင်ပွဲအမှတ်ပေးစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ၎င်းနောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သော ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးချမ်းသာအား ဂုဏ်ပြုဆုလက်ဆောင်ကို မဂ္ဂင်နန်းဟိုတယ်ပိုင်ရှင် ဒေါက်တာခင်စိန်က ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူ ၅၉ ဦးက ပါဝင်ယှဉ်ပြိုင်သည်။ ကျောင်းသား/ကျောင်းသူလူငယ်များရဲ့ အင်္ဂလိပ်စာစွမ်းရည် တိုးတက်ဖွံ့ဖြိုးရေး ရည်ရွယ်ချက်နဲ့ ဒီပြိုင်ပွဲကို  ဆဋ္ဌမအကြိမ်မြောက် ကျင်းပတာဖြစ်ပါတယ်ဟု ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်ကပြောသည်။ အဆိုပါ ပြိုင်ပွဲအား ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆုရရှိကြသူများအား ပြိုင်ပွဲကျင်းပပြီးချိန်တွင် ဂုဏ်ပြုဆုများ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ