မူဆယ်မြို့၌ လောကမာန်အောင်စေတီတော်မြတ်ကြီး စိန်ဖူးတော်တင်လှူပွဲနှင့် လွယ်တိန်ခမ်းဘိုးဘွားရိပ်သာဖွင့်ပွဲ ပြုလုပ်

မူဆယ် ဇူလိုင် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ လောကမာန်အောင်စေတီတော်မြတ်ကြီး စိန်ဖူးတော်တင်လှူပွဲနှင့် လွယ်တိန်ခမ်းဘိုးဘွားရိပ်သာဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ ပူးပေါင်း၍ လောကမာရ်အောင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ မြို့နယ်သံဃာ့နာယကဉက္ကဋ္ဌဆရာတော် ဘန္ဒန္တစန္ဒာဝရ(မဟာသန္ဓမ္မဇော်တိက)ထံက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဘုရားအနေကဇာတင်ခြင်း၊  လောကမာန်အောင်စေတီတော်မြတ်ကြီး စိန်ဖူးတော်တင်လှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဆက်လက်၍ လွယ်တိန်ခမ်းတောင်ခြေ၌ တည်ဆောက်ထားသည့် လွယ်တိန်ခမ်းဘိုးဘွားရိပ်သာဖွင့်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်သံဃာ့နာယကဉက္ကဋ္ဌဆရာတော် ဘန္ဒန္တစန္ဒာဝရ (မဟာသန္ဓမ္မဇော်တိက)၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်မိုး၊ ဗိုလ်ချုပ်စိုးလှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုဗိုလ်မှူးကြီးဟန်ဝင်းဇော်၊ ဘိုဘွားရိပ်သာစောင့်ရှောက်မှုကော်မတီဉက္ကဋ္ဌ ဦးစိုင်းလော၀်လှိုင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်ပရိတ်တရားများ ရွတ်ဖတ်ခြင်း၊ ရေစက်ချအမျှဝေခြင်းများပြုလုပ်ပြီး လွယ်တိန်ခမ်းဘိုးဘွားရိပ်သာပိုင်ဆိုင်မှုအထောက်အထားများအား ခရိုင်အုပ်ချုပ်ရေးမှူးက ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီဉက္ကဋ္ဌထံ ပေးအပ်ခဲ့ကြသည်။ ထို့နောက် ဘိုးဘွားရိပ်သာရာသက်ပန် မတည်အလှူရှင်များနှင့် တည်ဆောက်ရေး အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ 

လွယ်တိန်ခမ်းဘိုးဘွားရိပ်သာကို စေတနာရှင်များစုပေါင်းလှူဒါန်းငွေ ၅၂၅၃၆၆၀၀၀/-ကျပ်ဖြင့် စေတနာရှင်များ စုပေါင်းတည်ဆောက် လှူဒါန်းထားပြီး ရာသက်ပန်မတည်အလှူငွေ ၁၆၈၁၀၀၀၀၀/-ကျပ်ဖြင့် မတည်လှူဒါန်းငွေဖြင့် လူမျိုးဘာသာမရွေး ခိုကိုးရာမဲ့ သက်ကြီးဘိုးဘွားများအား လက်ခံစောက်ရှောက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)