မွန်ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မော်လမြိုင် ဇူလိုင် ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ဥပဒေအရာရှိများသည် နိုင်ငံ့ဝန်ထမ်းဖြစ်သည်နှင့်အညီ နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်များကို သိရှိလိုက်နာကြရမှာဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ခွင့်ပြုချက်မရရှိဘဲ ရုံးစိုက်ရာဒေသမှ ထွက်ခွာခြင်းမပြုရန်၊ မိမိတာဝန်ထမ်းဆောင်ရာ ဒေသတွင်ဖြစ်ပွားသည့် သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ လုံခြုံရေးကျိုးပေါက်မှုဖြစ်စဉ်များ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးထူးခြား ဖြစ်စဉ်များကိုလည်း အချိန်နှင့်တစ်ပြေးညီ တင်ပြသွားကြရန်နှင့် မိမိတို့ ဥပဒေရေးရာဝန်ကြီးဌာနသည် ပြည်သူကို ဥပဒေပညာဖြင့် ဝန်ဆောင်မှုပေးနေသည့် ဌာနဖြစ်သည့်အားလျော်စွာ ပြည်သူများအား ဝန်ထုတ်ဝန်ပိုးမဖြစ်စေရေးအတွက် အဂတိတရားကင်းရှင်းစွာဖြင့် မိမိတို့တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် လိုအပ်ကြောင်း၊ သို့မှသာ ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံပြီး ယုံကြည်အားထားရသော ဥပဒေအရာရှိများဖြစ်လာစေရေး ကြိုးပမ်းသွားကြရန် မိမိတို့၏လုပ်ငန်းတာဝန်များကို တည်ဆဲဥပဒေများနှင့်အညီ ရိုးသားဖြောင့်မတ်စွာ၊ စည်းလုံးညီညွတ်စွာ၊ သစ္စာရှိစွာလုပ်ဖော်ကိုင်ဖက်များနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်/ခရိုင်/ မြို့နယ်ဥပဒေအရာရှိများက မိမိတို့၏လုပ်ငန်းဆောင်ရွက်ချက်များ၊ အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဥပဒေချုပ်က လိုအပ်သည်များကိုဖြည့်စွက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)