သုံးခွ ဇူလိုင် ၁၅
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက် ၉ နာရီအချိန်က လက်ပန်-နန်းခလဲကျေးရွာအုပ်စု၊ ဝင်းကြီးကျေးရွာတွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လဝကဦးစီးမှူးဦးထွန်းဆွေက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအကြောင်းအရာများ၊ ပန်းခင်းစီမံချက်အကြောင်းအရာများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများ၊ မပျောက်မပျက်အောင် စနစ်တကျထိန်းသိမ်းရန်လိုအပ်ပုံတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အသက် ၁၆ နှစ်မှ ၁၈ နှစ်အထိနှင့် အသက် ၁၈ နှစ်အထက် နိုင်ငံသားအရည်အချင်းပြည့်မီသူများအား လိုအပ်သောသက်သေခံအထောက်အထားများ၊ စာရွက်စာတမ်းများစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်လဝကဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက် ၃ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်သလို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူသွားမှာဖြစ်သည်။ စာရင်းကောက်များသည် မိမိတာဝန်ကျရာ စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet များအသုံးပြု၍ သန်းခေါင်စာရင်းကောက်ယူသွားမည်ဟု မြို့နယ်လဝကဦးစီးမှူးထံမှ သိရသည်။
စည်သူလင်း ပြန်/ဆက်