အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းဖြင့်ဆောင်ရွက်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် စက်ချုပ်သင်တန်းဖွင့်

မိတ္ထီလာ ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဆောင်ရွက်သော လူသုံးကုန်လုပ်မှုနည်းပညာ သင်တန်းနှင့် စက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ်က အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဆောင်ရွက်သော လူသုံးကုန်လုပ်မှု နည်းပညာသင်တန်းနှင့် စက်ချုပ်သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးတို့က လူသုံးကုန်လုပ်မှုနည်းပညာသင်တန်းနှင့် စက်ချုပ်သင်တန်းဖွင့်လှစ်မည့် ပျော်ကုန်းကျေးရွာနှင့် လိန်တောကျေးရွာတို့မှ ကော်မတီများထံ စီမံကိန်းလုပ်ငန်းများ လွဲပြောင်းပေးအပ်ခဲ့သည်။

သမဝါယနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာမြို့နယ် လိန်တောကျေးရွာတွင် အမျိုးသမီးများအတွက် ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်းအဖြစ် စက်ချုပ်သင်တန်းကို သင်တန်းသားသင်တန်းသူ ၁၇ ဦး တက်ရောက် ပြီး ၎င်းသင်တန်းကို ဇူလိုင်လ ၁၅ ရက်နေ့မှ သြဂုတ် ၁၃ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ယင်းအပြင် ပျော်ကုန်းကျေးရွာတွင် ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးဆောင်ရွက်သည် လုပ်ငန်းအဖြစ် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို သင်တန်းသား သင်တန်းသူ ၁၅ ဦးတက်ရောက်ခဲ့ရာ ယင်းသင်တန်းကို ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်သည်။ အဆိုပါသင်တန်းများမှ ထူးချွန်သင်တန်းသားသင်တန်းသူ (၅) ဦးနှုန်းဖြင့် သင်တန်းသား သင်တန်းသူ ၁၀ ဦးအား  ရွေးချယ်၍ စီမံကိန်းတစ်ခုလျှင်  လုပ်ငန်းထူထောင်ရန် တစ်ဦးလျှင် ငွေကျပ်  ၁၄၀၀၀၀၀ နှင့် ညီမျှသော လုပ်ငန်းသုံးစပ်ပစ္စည်းကိရိယာများကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)