ဒဂုံမြောက် ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂) ရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ သင်တန်းအမှတ်စဉ်(၂၀)ဆရာဖြစ် ဒီပလိုမာအောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းထိုင်ဘုန်းကြီးသင်တန်း အမှတ်စဉ်(၂၀) ဒီပလိုမာအောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတွင် ကြွရောက်လာသော ဧည့်ပရိသတ်မှ နမောဒဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဉက္ကဋ္ဌ ဆရာတော် သန်လျင်မင်းကျောင်း ပထမပြန်အသင်းတိုက် ပဓာနနာယကအဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္တိမာ ဘိဝံသမဟာထေရ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌမှ ဆရာတော်ကြီးများအား သင်တန်းဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက သာသနာတော်ဆိုင်ရာများ လျှောက်ထားပြီး ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်မှ ကျောင်းထိုင်ဘုန်းကြီးသင်တန်း အမှတ်စဉ်(၂၀)မှ သင်တန်းဆင်းဆရာတော်များအား သင်တန်းဆင်းအောင်လက်မှတ်များ ဆက်ကပ်ပေးအပ်ကာ အလှူရှင်များက လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင် နေနတ်သားပရိယတ္တိစာသင်တိုက်မှ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသုစိတ္တထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကာ အလှူရှင်များက သံဃဒါနလှူဒါန်းဖွယ်ရာများ လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရှိရသည်။
မြင့်မြင့်ရီ