တာမွေမြို့နယ်၌ ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

တာမွေ ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီနှင့် မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာဗဟိုတို့ပူးပေါင်း၍ ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်သည့် အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အဆိုပါမူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာဗဟိုရုံး၊ မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးရှင်းလင်းဆွေးနွေးပွဲတွင် တာမွေမြို့နယ် ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်စန္ဒာအေးကလည်း ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားမှုအခြေအနေများ၊ ရောဂါပိုးကူးစက်ပုံ၊ ရောဂါလက္ခဏာများ၊ ရောဂါကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများ၊ ရောဂါဖြစ်ပွားပါက လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများကို တက်ရောက်လာကြသော သင်တန်းသားများအား အသေးစိတ်အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသူများက ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှထောက်ပံ့သော အားဖြည့်ဓာတ်အားထုပ်များ၊ ကလိုရင်းအမှုန့်များနှင့် အသိပညာပေးပိုစတာများ၊ လက်ကမ်းစာစောင်များအားပေးအပ်ရာ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌဦးစံရှိန်ကလက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် သက်ဆိုင်ရာတာဝန်ရှိသူများသည် အဆိုပါအသင်းရုံးဝင်းအတွင်းရှိ သောက်သုံးရေကန်များအား ကလိုရင်းဆေးရည်များ လိုက်လံခတ်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၄-ခုနှစ် ဇွန်လ(၂၃)ရက်နေ့မှစတင်ကာ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားမှုများဖြစ်‌ပေါ်ခဲ့ပြီး ယနေ့အထိ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားသူ(၂၁)ဦးအထိရှိရာ ပြန်လည်ကောင်းမွန်လာသူ(၁၄)ဦးရှိ၍ လက်ရှိဆေးကုသမှုခံယူနေသူ()ဦးရှိကြောင်းနှင့် မြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါကူးစက်ပြန့်ပွားမှုကို ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီအနေဖြင့် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)