ကျိုင်းတုံ ဇူလိုင် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံ ပဲပုပ်စိုက်ပျိုးမည့် တောင်သူများအား ဆီထွက်သီးနှံပဲပုပ်မျိုးစေ့ထောက်ပံ့ပွဲကို ယမန်နေ့တွင် ကျိုင်းတုံတက္ကသိုလ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာနှင့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်-၁ ဒုတိယဗိုလ်မှူးကြီး ကြည်မင်းသိန်းတို့က အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့် (စက်မှုသီးနှံစိုက်ပျိုးပညာပေးရေး)က ဒေသအတွင်း ဆီဖူလုံမှုရှိစေရေး လက်ရှိစိုက်ပျိုးလျက်ရှိသော ဆီထွက်သီးနှံများအပြင် ဒေသခံတောင်သူများ အဓိက စိုက်ပျိုးသည့် ပဲပုပ်ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စားသုံးဆီနှင့် တိရစ္ဆာန်အစာတိုးတက်ရရှိရေး၊ ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရေး၊ ပဲပုပ်မျိုးစေ့ထောက်ပံ့ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြို့နယ်များမှ ဆီထွက်ပဲပုပ်စိုက်ပျိုးမည့် တောင်သူမျာအား ဆီထွက်ပဲပုပ်မျိုးစေ့၊ မြေဩဇာနှင့် မျိုးစေ့ချကိရိယာများကို တာဝန်ရှိသူများက တောင်သူများအား ထောက်ပံ့ပေးအပ်ပြီး ကျိုင်းတုံတက္ကသိုလ်ဝန်းအတွင်း ဆီထွက်သီးနှံ ပဲပုပ်မျိုးစေ့များကို စိုက်ပျိုးရေးဝန်ထမ်းများက ဒေသခံတောင်သူများနှင့်အတူ လက်တွေ့ သရုပ်ပြ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)