ကျိုက်ထို ဇူလိုင် ၁၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ သူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(၂)ကျိုက်ထိုမှ ကျောင်းသား၊ သူလေးများက ဘက်စုံကိုရည်တို့လှမ်းချီတေးသီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယရဲမှူးကြီးဆန်းနိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်တို့က အမှာစကားပြောကြားကာ မြို့နယ်ပညာရေးမှူး ဦးမောင်ညိုက သုံးနှစ်တာကာလ တက္ကသိုလ်ဝင်တန်းအောင်ချက်များနှင့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မွန်ပြည်နယ်တွင် အဆင့်(၄)ရရှိသည်အထိ စီစဉ်ဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ သူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုများကို ကျိုက်ထိုတပ်နယ်မှူး ဗိုလ်မှူးကြီး စိန်မင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယရဲမှူးကြီး ဆန်းနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်နှင့် တာဝန်ရှိသူများက အသီးသီးဆုများ ချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ဂုဏ်ထူးရ ကျောင်းသား၊ သူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး မူလွန်(၁)မှ ကျောင်းသား၊ သူများနှင့် အ.ထ.က(ရွှေဥဩ)မှ ကျောင်းသား၊ သူများက တေးသီချင်းများဖြင့်သီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)