တံတားဦး ဇူလိုင် ၁၅
တံတားဦးခရိုင်/မြို့နယ်၏ ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၇) နာရီက တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာအုပ်စု သူငယ်တော်တောရ ဘုန်းတော်ကြီးကျောင်းဝန်းတွင်း၌ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်ကျင်းပကြောင်း သိရသည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုင်းက မိုးရာသီ သစ်ပင်စိုက်ပျိုးရန်အတွက် ရတနာတန်းဝင် ကျွန်းပင်များကို တာဝန်ရှိသူထံသို့လည်းကောင်း၊ ရတနာတန်းဝင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက မိုးရာသီ သစ်ပင်စိုက်ပျိုးရန်အတွက် ရတနာတန်းဝင် ကျွန်းပင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူများထံသို့လည်းကောင်း အသီးသီးပေးသည်။ ထို့နောက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများက ရတနာတန်းဝင် ကျွန်းပင် (၁၉၅)ပင်းအား တပျော်တစ်ပါးစိုက်ပျိုးကြသည်။
စိုက်ပျိုးသည့် သစ်ပင်များ ရှင်သန်ကြီးထွားဖွံ့ဖြိုးစေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ရေလောင်းခြင်းလုပ်ငန်းနှင့် လိုအပ်သည့် မြေဩဇာကြွေးခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း လုပ်ငန်းများကို စနစ်တကျ ပြုစုထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။
တံတားဦးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်နိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ရာသီဥတု ကောင်းမွန်မျှတစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ ကြည်လင်အေးမြစေရေး၊ အပူဒဏ်ကာကွယ်နိုင်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ဌာနဆိုင်ရာများနှင့် စုပေါင်းပြီး သစ်ပင်စိုက်ပျိုးပွဲများကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲတင့်( ပြန်/ဆက်)