မိုင်းယောင်းမြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းဆရာတော်၏ ဝိဇာတမွေးနေ့မင်္ဂလာ ကျင်းပ

မိုင်းယောင်း ဇူလိုင် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၏ ပဓာနနာယကဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တဘဒ္ဒိယမဟာထေရ်၏ သက်တော် ၈၆ နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားသို့ ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းယု)ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစိတ္တသာရထံနှင့် ဆရာတော်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းတင့်နှင့် အဖွဲ့ဝင်များ၊ ဝတ်ရွတ်အဖွဲ့များ၊ ဂေါပကအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်၊ အလှူရှင်များနှင့် တပည့်ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းယု)ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစိတ္တသာရထံမှ ငါးပါးသီလခံယူဆောက်တည်၍ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းဆရာတော်နှင့် သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းယု)ကျောင်းဆရာတော်နှင့် သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ၍ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)