နေပြည်တော် ဇူလိုင် ၁၄
၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးနိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းဖြင့် သွင်းအားစုများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာ တောင်သူဦးကျော်ဇောလင်း၏ GW- 11 ဧက ၅၀၀ စိုက်ခင်းအနီးရှိ ရှင်းလင်းဆောင်၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် စိုက်ပျိုးသီးနှံများကို လျာထားသည့် သီးထပ်စွမ်းအား တိုးတက်ရေးအတွက် စနစ်တကျစီမံ ဆောင်ရွက်ပြီး စိုက်ပျိုးစွမ်းအားများ တိုးတက်အောင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရည်မှန်းချက်ပန်းတိုင်အထွက်နှုန်း ထွက်ရှိနိုင်ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလမ်းလေးရပ်ကို နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်မည်ဆိုပါက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်နိုင်မှာဖြစ်ကြောင်း၊ လယ်ယာကဏ္ဍကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မှသာ ပြည်တွင်း စားရေရိက္ခာ ပေါများလာမည့်အပြင် ပိုလျှံစွာ ထွက်ရှိလာသည့် ထုတ်ကုန်များမှ ပြည်ပပို့ကုန်များရရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများကိုအခြေခံသည့် ပြည်ပဝင်ငွေများ ရရှိမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကုန်ကြမ်းများကို အခြေခံသည့် ပြည်ပပို့ကုန်များအဖြစ် ကုန်ချောများတင်ပို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တောင်သူများအနေဖြင့် စပါး၊ အခြားသီးနှံများနှင့် ဆီထွက်သီးနှံများကို အထွက်နှုန်းကောင်းမွန်စွာ ထွက်ရှိရေးအတွက် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရမှာ ဖြစ်ကြောင်း၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးရေးကို ဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေး၊ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများကို အသီးသီးရှင်းလင်းတင်ပြကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက တောင်သူများအား ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းဖြင့် သွင်းအားစု သဘာဝ မြေဩဇာများနှင့် ဓာတ်မြေဩဇာများကိုပေးအပ်ကြသည်။
ထို့နောက် တောင်သူများက လက်ရှိစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်တာဝန်ရှိသူများက မယ်ဇလီကုန်းကျေးရွာ တောင်သူဦးကျော်ဇောလင်း၏ GW-11 ဧက ၅၀၀ စိုက်ခင်းအတွင်း GW-11 နွေစပါးစံကွက်ရိတ်သိမ်းခြင်း၊ ချိန်တွယ်ခြင်းများကို ကြည့်ရှုအားပေးရာ တစ်ဧက အစိုထွက်နှုန်းအနေဖြင့် ၂၂၄ ဒသမ ၂၆ တင်းထွက်ရှိပြီး အခြောက်ထွက်နှုန်းအနေဖြင့် ၁၉၅ ဒသမ ၅၅ တင်းထွက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)