မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်သစ်လွှဲအပ်ပွဲနှင့် အလှူရှင်များဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် ဇူလိုင် ၁၄

အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်သစ်လွှဲအပ်ပွဲနှင့် အလှူရှင်များဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း အဆိုပါကျောင်းဆောင်ရှေ့၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကျော်လင်းမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ လူမှုရေးရာဝန်ကြီးဦးစောကြည်နိုင်နှင့် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဦးလှထွန်းတို့က ဦးသာညှင်းကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းဆောင်သစ်ကမ္ဗည်းမော်ကွန်းအား အမွှေးနံသာရည်များ ပတ်ဖျန်းခဲ့ကြသည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ရှေးဦးစွာ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းမှ (Grade-9)ကျောင်းသား/ကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက အနာဂတ်မှာ ထွန်းလင်းတောက်ပလာမည့် သားငယ်သမီးငယ်များရဲ့ ပညာရည်နို့သောက်စို့ရာ ဒီကျောင်းဆောင်ကြီးကို ဆောက်လုပ်ဖို့ နိုင်ငံတော်အစိုးရ၏မတည်ငွေ(၁၆၅.၁၆၅)ကျပ်သန်းအပြင်အကျိုးဆောင်များ၊ ကျောင်းသားဟောင်းများ၊ အလှူရှင်များမှ ငွေအား၊ ကာယအားတို့နဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ အ.ထ.က(၉)မော်လမြိုင် ကျောင်းရဲ့ ကျောင်းသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပထမဆုံးသော အမျိုးသားကျောင်းဖြစ်သည့် အရှင်မဟာဗုဒ္ဓဃောသကျောင်းကို ခရစ်နှစ် ၁၈၉၉ - ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှာ စတင်တည်ဆောက်ခဲ့တယ်လို့ သိရှိရပါကြောင်း၊ ဂျီစီဘီအေမြန်မာအသင်းချုပ်ကြီး၏ဥက္ကဋ္ဌဦးချစ်လှိုင်၏ ဖခင်သစ်ကုန်သည် သူဌေးကြီးဦးသာညှင်းက ကျောင်းဆောက်လုပ်ရန်အတွက် ငွေကြေးမတည်လှူဒါန်းခဲ့ကာ ၁၉၆၅-ခုနှစ်မှာ ပြည်သူပိုင်ကျောင်းအဖြစ်ပြောင်းလဲခဲ့ပြီး အ.ထ.က(၉)မော်လမြိုင်လို့ အမည်တွင်ခဲ့ကြောင်း၊  အရှင်မဟာဗုဒ္ဓဃောသကျောင်းရဲ့ ကျောင်းသားများဖြစ်ခဲ့တဲ့ သိပ္ပံမောင်သီရိပျံချီ ဦးစိန်ဝင်း၊ စာရေးဆရာကုသ၊ စာရေးဆရာဓူဝံနှင့် ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သူဖြစ်တဲ့ သီရိပျံချီဦးထွန်းမြင့်တို့ကဲ့သို့သော ထင်ရှားသည့်ကျောင်းသားများ အများအပြားပေါ်ပေါက်လာခဲ့တာကိုလည်း မှတ်သားခဲ့ရကြောင်း၊ ပထမဆုံးအမျိုးသားကျောင်းဖြစ်တဲ့အတွက်လည်း နှစ်စဉ်အမျိုးသားနေ့အခမ်းအနားကို ဟောပြောပွဲများ၊ ပြပွဲပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးခြင်းဖြင့် ကျောင်းသား ကျောင်းသူများ၏ တိုင်းပြည်ချစ်စိတ် လူမျိုးချစ်စိတ်စသည့် မျိုးစေ့ကို ချပေးနိုင်ခဲ့ပြီး ယခုအခါ အ.ထ.က(၉)မော်လမြိုင် အရှင်မဟာဗုဒ္ဓဃောသ အမျိုးသားကျောင်းဟာ သက်တမ်း(၁၂၅)နှစ်ပြည့် မြောက်ခဲ့တာကိုလည်း ဂုဏ်ယူစွာတွေ့မြင်ရမှာဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများကို ကျောင်းစာတွင်သာမက ကာယဗလ၊ ဉာဏဗလ ၊ စာရိတ္တဗလ ၊ မိတ္တဗလ ၊ ဘောဂဗလဆိုတဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ဖို့ကိုလည်း အထူးအလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ လူမှုအသိုင်းအဝိုင်းတွင် ပျော်ရွှင်တိုးတက်အောင် လုပ်ဆောင်ပေးနိုင်သည့် ကျောင်းသား ၊ ကျောင်းသူများအား မွေးထုတ်ပေးနိုင်ရန်အတွက် မိဘများ ၊ ဆရာဆရာမများမှာ အဓိကကျသည့် လက်ဦးဆရာများဖြစ်တာကြောင့် ကျောင်းသားကျောင်းသူများ၏ ဘဝတိုးတက်အောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မိဘဆရာအသင်းနာယကဦးမိုးကျော်က အဆောက်အဦနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တာဝန်ခံကျောင်းအုပ် ဒေါ်ထိုက်ထိုက်ကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ဦးသာညှင်းကျောင်းဆောင်အား ကျောင်းအကျိုးဆောင်အဖွဲ့မှ ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ပညာရေးမှူးက လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “အ.ထ.က(၉)မော်လမြိုင်” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက အလှူရှင်များနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)