ကွန်ဟိန်း ဇူလိုင် ၁၄
သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ထိရောက်လျင်မြန်စွာ ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းကျော်ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီခွဲခန့်က ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးရာတွင် ကွန်ဟိန်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းကျော်က မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန် (၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း Projector ဖြင့် ရှင်းလင်းတင်ပြပြီး ရှာဖွေကယ်ဆယ်ရေးပစ္စည်း အသုံးပြုပုံများအား သရုပ်ပြသခဲ့သည်။
ထို့နောက် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်း သရုပ်ပြခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသူများ၊ ကြက်ခြေနီအသင်းဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)