လှည်းကူး ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက (စူပါနှံကောက်မျိုး) မိုးစပါးမျိုးစေ့ချကိရိယာ (Seeder)ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲကို တံခွန်တိုင်(အင်းစိန်)ကျေးရွာအုပ်စု ကွင်းအမှတ် (သမင်းတက်ခွက်မကွင်း)၊ အမှတ် ၇ လမ်းမဘေး တောင်သူ ဦးလှမြင့်ဦး၏ လယ်မြေ(၇)ဧကပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်က ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးခြင်းအစား မျိုးစေ့ချကိရိယာ(seeder)စနစ်၊ ပျိုးထောင်စနစ်တို့ဖြင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးစန်းအောင်က မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရမည့်နည်းစနစ်များကို တောင်သူများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူ ဦးလှမြင့်ဦး၏ လယ်မြေ(၇)ဧကပေါ်တွင် (စူပါနှံကောက်မျိုး) မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် မျိုးစေ့ချခြင်းကွင်းသရုပ်ပြစိုက်ပျိုးပြသပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)