ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရှမ်းတဲကြီးကျေးရွာ၌ စာကြည့်တိုက်အဆောက်အဦသစ်တည်ဆောက်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနား ကျင်းပ

ဒဂုံအရှေ့ ဇူလိုင် ၁၄

နိုင်ငံတော်အစိုးရမှ ပြည်သူများအသိပညာဗဟုသုတများတိုးပွားစေရေးနှင့် စာအုပ်စာစောင်များအလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ဖြင့် ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်မှုကော်မတီ၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရှမ်းတဲကြီးကျေးရွာ၌ စာကြည့်တိုက်အဆောက်အဦအသစ် တည်ဆောက်ရန်အတွက် ပန္နက်တင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါစာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၂) ဦးတင်ဝင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ရာ မင်္ဂလာအချိန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၂)ဦးတင်ဝင်းနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် ပန္နက်တော်ရိုက်ကြသည်။

၎င်းစာကြည့်တိုက်အဆောက်အဦဆောက်လုပ်ရန်အတွက် ယနေ့ထိအလှူရှင်များမှ ဘိလပ်မြေအိတ်(၃၆၀)အိတ်နှင့် ငွေကျပ်(၁၀၂၀၀၀၀)ကျပ်အား လှူဒါန်းထားကြောင်း သိရသည်။

အေးမဉ္ဇူ