မောက်မယ်မြို့နယ် မြောက်ကျောင်းတော်၌ အသံမစဲမဟာအဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

မောက်မယ် ဇူလိုင် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြောက်ကျောင်းတော်ဆရာတော်မှဦးစီး၍ နှီးဘုရားတော်အား မြို့ပေါ်ရပ်ကွက်အတွင်း မြို့ပတ်လှည့်လည်ပူဇော်ခံပွဲကို ယမန်နေ့နံနက် ၁၀ နာရီက လှည့်လည်ပူဇော်ခံပြီး အနေကဇာတင်ပွဲနှင့် နေ့/ညအသံမစဲမဟာအဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အဆိုပါကျောင်း၌ စတင်ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်သံပြိုင်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်မှ ရောင်ခြည်တော်ဖွင့်ဂါထာဖြင့်လည်းကောင်း၊ အကျိုးတော်ဆောင်ဆရာတော်မှ ဗုဒ္ဓဝန္ဒနာဂါထာတော်ဖြင့်လည်းကောင်း ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ကျောင်းကြီးပရိယတ္တိစာသင်တိုက်နာယကဆရာတော်ထံမှ (၉)ပါးသီလ ခံယူဆောက်တည်ကာ အကျိုးတော်ဆောင် ဆရာတော်မှ အဘိဓမ္မာတရားတော်နာကြားရန် နတ်ဗြဟ္မာများအား ပင့်ဖိတ်ခဲ့ပြီး ကုန်းပေါင်းဆရာတော်မှ အဘိဓမ္မာဒေသနာတော်ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းနှိုးဆော်လွှာဂါထာဖြင့်လည်းကောင်း ရွတ်ဖတ်ပူဇော်ပြီး အဘိဓမ္မာဘာဏကဆရာတော်သံဃာတော်များ၊ လူပရိတ်သတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသကို (၃)ကြိမ်တိုင်တိုင် သံပြိုင်ရွတ်ဆိုခဲ့၍ ဓမ္မသင်္ဂဏီကျမ်းတော်မြတ်မှ စတင်ကာ သံဃာတော် (၂၄)ပါးတို့ဖြင့် ရွတ်ဖတ်ပူဇော်ပြီး အဘိဓမ္မာ (၇)ကျမ်းအား ၇ ရက် နာရီပေါင်း (၁၆၈)နာရီတိုင်တိုင် နေ့/ည အသံမစဲ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း ဂေါပကများထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)