ကျေးသီး ဇူလိုင် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ကျေးသီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ရှာဖွေရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဘောလုံးကွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ကျေးသီးမြို့နယ် မီးသတ်ဦးစီးမှူး ဦးမြင့်ဝင်းကြိုင်နှင့် တပ်ဖွဲ့ဝင်များက ရှာဖွေရေး၊ ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများအား ရှာဖွေစုဆောင်းထားရှိမှု၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ကယ်ဆယ်ရေးပစ္စည်းအသုံးပြုပုံများအား လက်တွေ့သရုပ်ပြသခြင်း၊ ကြက်ခြေနီတပ်ဖွဲ့မှ တပ်ခွဲမှူးဦးစိုင်းနောင့်က ရှေးဦးသူနာပြုစုခြင်းများအား သရုပ်ပြသခဲ့ပါသည်။
ဆက်လက်၍ ကျေးသီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထူးထက်၊ မြို့နယ်ရဲမှူးလူလှနှင့် ဒုတိယရဲမှူးသန်းထွန်းတို့က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုကာ အန္တရာယ်များကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အားလုံးချိတ်ဆက် ကူညီပေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ပြုလုပ်သည့်နေရာသို့ ကျေးသီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထူးထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ ဝန်ထမ်းများနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)