ဒဂုံ ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၊ Baby City Shopping Centre၊ ပြည်သူ့ရင်ပြင်ခိုင်ခိုင်ကျော်မြန်မာထမင်းဆိုင်နှင့် ရွှေကောင်းဟောပေါ့ဆိုင်၊ ပြည်သူ့ရင်ပြင်ကစားကွင်း Natural World သောက်သုံးရေကန်၊ ဗဟိုသားဖွားသင်တန်းကျောင်း၊ ဗဟိုအမျိုးသမီးဆေးရုံ၀န်ထမ်းအိမ်ယာ၊ ပြည်သူ့ရင်ပြင်ကုမ္ပဏီအိမ် ထောင်သည်၀န်ထမ်းလိုင်းခန်း၊ လွှတ်တော်၀န်း၊ စကားဝါလမ်းရှိ ဆောက်လုပ်ရေး၀န်းတို့တွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရွှေပြည်ဦးဆောင်သောအဖွဲ့မှ ကျန်းမာရေး၀န်ကြီးဌာနမှထုတ်ပြန်ထားသော ယင်နားစာအပါအ၀င် မသန့်ရှင်းသော အစားအစာများစားသုံးခြင်းကို ရှောင်ကြဉ်ရန်၊ ရေကိုကျိုချက်၍ သောက်သုံးရန်၊ လက်သန့်စင်ရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ရန်၊ ယင်လုံအိမ်သာများသုံးစွဲရန်၊ အမှိုက်များစနစ်တကျစွန့်ပစ်ရန်၊ ပြင်းထန်၀မ်းပျက်၀မ်းလျှောရောဂါ ဖြစ်ပွားလျှင် နီးစပ်ရာကျန်းးမာရေးဌာနများနှင့် ဆေးရုံဆေးခန်းသို့ အချိန်မီပြသရန် စသည့်ကျန်းမာရေးကာကွယ်ရေးနည်းလမ်းများကို ဗဟိုသားဖွားသင်တန်းကျောင်းနှင့် ဗဟိုအမျိုးသမီးဆေးရုံ၀န်ထမ်းအိမ်ယာရှိ ကျောင်းသူများနှင့် ပြည်သူများကို ဟောပြောခဲ့ပြီး တက်ရောက်သူ ၅၀၀ ဦးရှိကြောင်း သိရသည်။
မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၀င်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ဒဂုံမြို့နယ်တွင်း အထက်ပါနေရာများတွင် ပြင်းထန်၀မ်းပျက်၀မ်းလျှောရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် chlorine /bleaching powder ဆေးခတ်ခြင်းနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများပါ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့(ပြန်/ဆက်)