တာချီလိတ်မြို့၌ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ကြည့်ရှု အားပေး

တာချီလိတ် ဇူလိုင်  ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် သဘာဝဘေးအန္တရာယ်များအနက် ကြိုတင်ခန့်မှန်းမရသည့် ငလျင်ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရေန်နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ဟောင်လိတ်)၌ ကျင်းပပြုလုပ်ခဲ့သည်။

ဇာတ်တိုက်လေ့ကျင့်ရာတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများက ငလျင်လှုပ်ခတ်လာလျှင် တုံ့ပြန်ဆောင်ရွက်ရမည့်အချက်များနှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်း၊ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသည့် အဆောက်အဦးအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ပြီး ထိခိုက်ဒဏ်ရာရရှိသည့် လူနာများအား ရှေးဦးသူနာပြုစုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုစင်တာမှ ဆေးရုံများသို့ ပို့ဆောင်ပေးခြင်းတို့ကို ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ (၁၀)ဖွဲ့တို့က သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်နေမှုများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

ထို့နောက် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ပြီးနောက် တပ်ဖွဲ့မှူး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့မှ ပြန်လည်တန်းအပ်၍ ပြည်ထောင်စုဝန်ကြီးထံ လမ်းညွှန်မှုခံယူပြီး မြန်မာနိုင်ငံ၏ ဒေသအချို့တွင် ဖြစ်ပွားလျက်ရှိသည့် သဘာဝဘေးအမျိုးမျိုးကြောင့် ထိခိုက်ခံစားရသော ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တာချီလိတ် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရွှေလုပ်ငန်းရှင်များအသင်း၊ ကုန်သည်ကြီးများအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ ငွေကျပ် သိန်း ၅၀၀ ထောက်ပံ့လှူဒါန်းသူများနှင့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးသူများအား ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းနှင့် တာဝန်ရှိသူများက ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ရာတွင် ပူပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး အဆိုပါဇာတ်တိုက်လေ့ကျင့်ခန်းကို ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ပရဟိတအဖွဲ့များနှင့် ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ စုစုပေါင်း ၆၅၀ ဦး တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)