ပြင်ဦးလွင် ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မြန်မာနိုင်ငံအိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ကြီးမှူး၍ ထုတ်ဝေမည့် မဂ္ဂဇင်းနှင့်ပတ်သက်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မဂ္ဂဇင်းထုတ်ဝေနိုင်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တာဝန်ခံထုတ်ဝေသူ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း ပြင်ဦးလွင်ခရိုင်ဥက္ကဋ္ဌ ဦးမျိုးမင်း၊ တာဝန်ခံအယ်ဒီတာချုပ်အဖြစ်ဆောင်ရွက်မည့် စာရေးဆရာကိုရွှေအောင်သင်းနှင့် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူဆောင်ရွက်သည့် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ သက်နိုင်(ပြင်ဦးလွင်)တို့က ဦးဆောင်၍ အယ်ဒီတာအဖွဲ့များနှင့်အတူ လုပ်ငန်းဆိုင်ရာများ ဆွေးနွေးခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံအိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း ပြင်ဦးလွင်ခရိုင်မှထုတ်ဝေမည့် မဂ္ဂဇင်းတွင် မြို့ပုံရိပ်များနှင့်အတူ အိမ်ခြံမြေလုပ်ငန်းများ၏ သိမှတ်စရာများ၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း ပါဝင်ဖော်ပြမည်ဖြစ်ကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင်၊ ပြန်/ဆက်)