ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့စာကြည့်တိုက်နှင့် Glory စာကြည့်တိုက်တို့ပူးပေါင်း၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေဟောပြောပွဲကျင်းပ

ပြင်ဦးလွင် ဇူလိုင် ၁၄

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားသည်နှင့်အညီ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်စေရေး ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့စာကြည့်တိုက်နှင့် Glory ကိုယ်ပိုင်စာကြည့်တိုက်တို့ ပူးပေါင်းစီစဉ်ကျင်းပသော  “စာကြည့်တိုက်များကပေးသော အကျိုးကျေးဇူးများ” စာပေဟောပြောပွဲကို ဇူလိုင်လ ၁၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၈) ရှိ Glory စာကြည့်တိုက်တွင် ကျင်းပသည်။

အဆိုပါ စာပေဟောပြောပွဲတွင် ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်စာကြည့်တိုက်ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးစိုင်းအောင်ကြည်က အဖွင့်အမှာစကားပြောကြား၍ Glory စာကြည့်တိုက်တည်ထောင်သူ ဆရာ David Siang က   Glory ကိုယ်ပိုင် စာကြည့်တိုက်တည်ထောင်ခဲ့ရခြင်းရည်ရွယ်ချက်နှင့် စာကြည့်တိုက်ကို ရပ်ကွက်နေ ပြည်သူလူထုနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်အသုံးချစေရေးဖိတ်ခေါ်ကာ စာဖတ်ရှိန်မြှင့်တင်ရေး စာပေအသိသုတတန်ဖိုးများအကြောင်း ပြောကြားသည်။

ထို့နောက် ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ရပ်ကွက်/ကျေးရွာများရှိ စာကြည့်တိုက်များအရောက် ယခုလိုကွင်းဆင်းကာ စာပေဟောပြောပွဲကျင်းရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာရေးဆရာကိုရွှေအောင်သင်း၏ ကိုယ်ရေးအကျဉ်းအား မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ ပြင်ဦးလွင်မြို့နယ် ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေ ကဖတ်ကြားပြီး ပြင်ဦးလွင်ခရိုင် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် စာရေးဆရာ ကိုရွှေအောင်သင်းက  “စာကြည့်တိုက်များကပေးသော အကျိုးကျေးဇူးများ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ လူငယ်များနှင့် ဒေသခံပြည်သူများ စာပေအသိသုတ ဖြစ်ဖွယ်အကြောင်းအရာများကို ဟောပြောဆွေးနွေးသည်။ ထို့နောက်ဆွေးနွေးချက်များနှင့် ပတ်သက်၍ကျောင်းသား၊ ကျောင်းသူများ၏ သဘောထာအမြင်များအား ပြန်လည်မေးမြန်းရာ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဆွေးနွေးသည်။

ထို့နောက်ပါဝင်ဆွေးနွေးပေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား အိမ်ခြံမြေဖွံ့ဖြိုး တိုးတက်ရေးအသင်း တိုင်းဒေသကြီးဒုတိယဥက္ကဋ္ဌ၊ ပြင်ဦးလွင်ခရိုင် အိမ်ခြံမြေဖွံ့ဖြိုး တိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးမျိုးမင်းက အမှတ်တရဂုဏ်ပြု လက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး Glory စာကြည့်တိုက်မှ အမှုဆောင် ဆရာဟိန်းစိုးလတ်(ဂုဏ်ထူးမြန်မာစာ) က စာရေးဆရာ ကိုရွှေအောင်သင်းအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းသည်။

အဆိုပါ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေ ဟောပြောပွဲသို့ ပြင်ဦးလွင်ခရိုင် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးစိုင်းအောင်ကြည်၊ စာရေးဆရာ ကိုရွှေအောင်သင်း၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်၊ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်နှင့် တာဝန်ရှိသူများ၊ Glory စာကြည့်တိုက်တည်ထောင်သူနှင့် အမှုဆောင်များ၊ ပြင်ဦးလွင်မြို့နယ် Book Club အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ပြင်ဦးလွင်မြို့နယ်) ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများမှ တာဝန်ရှိသူများ၊ စာကြည့်တိုက်မှူးများ၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း ၁၂၀ ဦးတက်ရောက်ခဲ့ကြသည်။

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲများကို ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြားသောရပ်ကွက်/ကျေးရွာစာကြည့်တိုက် များတွင်လည်း ယခုကဲ့သို့ စဉ်ဆက်မပြတ်ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)