မြစ်ကြီးနား ဇူလိုင် ၁၄
ကချင်ပြည်နယ်အတွင်း ကံပိုင်တည်နယ်စပ်ဂိတ်မှ တစ်ဆင့် ပြည်နယ်အတွင်းသို့ စက်သုံးဆီ လုံလောက်ဖူလုံစွာ လည်ပတ်နိုင်ရေးအတွက် ပြည်နယ်စက်သုံးဆီတင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီဝင်များနှင့် တင်သွင်းခွင့်ရ ကုမ္ပဏီများတွေ့ဆုံ၍ စက်သုံးဆီတင်သွင်းမှုနှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်စေရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင် ၁၃ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က နိုင်ငံတော်အနေဖြင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလုပ်ငန်းရှင်များကို ပင်လယ် ရပ်ခြားမှတစ်ဆင့် တင်သွင်းနေသည့် Importer လုပ်ငန်းရှင်များကဲ့သို့ ဆောင်ရွက်နိုင်ရေး၊ အလုပ် အကိုင်အခွင့်အလမ်းဆောင်ရွက်ပေးခဲ့ခြင်းပါကြောင်း၊ ထို့အပြင် ကံပိုင်တည်မှ တင်သွင်းပါက လမ်း ခရီးတိုတောင်းသက်သာစေပါကြောင်း၊ ယနေ့တင်သွင်းမည့်ကုမ္ပဏီများ အနေဖြင့် ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရန် လအလိုက် သတ်မှတ်ထားသည့် Quota များကို ပြည့်ဝစွာ တင်သွင်း ရန်လိုအပ်ပါကြောင်း၊ ထို့အတူ တရားမဝင်တင်သွင်းမှုများကိုလည်း မိမိတို့ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် အဆင့်ဆင့်စိစစ်၍ အရေးယူနိုင်ရေး ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း တိုက်တွန်းမှာကြား သည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးမင်းမင်းက ကံပိုင်တည်နယ်စပ်ဂိတ်မှ တစ်ဆင့် စက်သုံးဆီတင်သွင်းမှုနှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ညွှန်ကြားချက်များအား ရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက ၂၀၂၄ ခုနှစ် မေလအတွက် တင်သွင်းခွင့်ပြုထားသည့် ကုမ္ပဏီ (၂၆)ခုမှ တင်သွင်းဖြန့်ဖြူးနိုင်ခဲ့မှု အခြေ အနေနှင့် လျာထားချက်ပြည့်မီအောင် တင်သွင်းခြင်း မပြုနိုင်ခဲ့မှုအပေါ်တွင် ကြုံတွေ့ရသော အခက် အခဲများအား ဆွေးနွေးဆောင်ရွက်ခဲ့ကြရာ Task Force အဖွဲ့က သုံးသပ်ဆွေးနွေးတင်ပြခဲ့ကြသည်။
ဆက်လက်၍ စက်သုံးဆီတင်သွင်းမှုနှင့် စပ်လျဉ်း၍ Quota ခွဲဝေသတ်မှတ်ပေးနိုင်ရေး ကုမ္ပဏီများက တင်သွင်းဆောင်ရွက်သွားမည့် ပမာဏအား တစ်ဦးခြင်း တင်ပြကြရာ ပြည်နယ်ကော်မတီ အဖွဲ့ဝင်များက ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွက် စက်သုံးဆီတင်သွင်းရန် Quota လျာထားချက်အပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး ကုမ္ပဏီတာဝန်ရှိသူများက တင်သွင်းဖြန့်ဖြူးရာတွင် လိုအပ်ချက်၊ အခက်အခဲများနှင့် အတွေအကြုံများကို ရှင်းလင်းတင်ပြကြရာ ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်သုံးသပ်၍ ပြန်လည်ဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် လအလိုက် လျာထားချက် ပြည့်မီစွာ တင်သွင်းနိုင်ရေး၊ လုပ်ထုံးလုပ်နည်း SOP အတိုင်း အလေးထားလိုက်နာဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)