ဒဂုံတောင် ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးဗီနိုင်းများချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်း၊ ရေလှောင်ကန်များတွင် ကလိုရင်းဆေးခတ်ပေးခြင်းများ၊ အထောက်အကူပြုကျန်းမာရေးပစ္စည်းများဖြန့်ဝေခြင်းများကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဈေးများ၊ ၀န်ထမ်းမိသားစုလိုင်းခန်းများ၊ အခြေခံပညာကျောင်းများ၊ လမ်းဘေးဈေးများစသည့် ပြည်သူများစုဝေးရာနေရာများတွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်ရာတွင် ယနေ့နံနက် ၇ နာရီမှစတင်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ကြီးကြပ်ဦးဆောင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ပရဟိတပြည်သူများပူးပေါင်းကာ (၂၆) ရပ်ကွက် ပုလဲရတနာလမ်းရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး ခြုံနွယ်များရှင်းလင်းရေး၊ ခြင်၊ ယင်များမခိုအောင်နိုင်ရေး၊ မြောင်းများဆည်ယူခြင်း၊ မသန့်ရှင်းသောအမှိုက်များရှင်းလင်းပေးခြင်း၊ ကျန်းမာရေးအသိပညာပေးဗီနိုင်းများ ချိတ်ဆွဲပေးခြင်း၊ ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သုံးစွဲနေသည့် ရေကန်များတွင် ကလိုရင်းဆေးခပ်ပေးခြင်း၊ ဆေးဖြန်းပေးခြင်းများကို စုပေါင်းအင်အား (၁၁၀)ဦးဖြင့် ဆောင်ရွက်ပေးကြသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးသူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆရာဝန်ကြီး ဒေါက်တာသုဝေက ကျန်းမာရေးဆိုင်ရာဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဟောပြောခြင်းနှင့် လက်သန့်ဆေးရည်များ၊ ဓာတ်ဆားထုတ်များဖြန့်ဝေပေးခြင်း၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခြင်း၊ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။
သန်းသန်းအေး