နေပြည်တော် ဇူလိုင် ၁၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်ရှိ အမှတ်(၂၂) အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ဆရာ/ ဆရာမများက ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ သစ်ပင်များအလင်းဖွင့်ခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျောင်းအတွင်းအပြင် စိမ်းလန်းစိုပြည်ပြီး သန့်ရှင်းသာယာ လှပရေးကိုအမြဲမပြတ်ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး၊ ရေစီးရေလာကောင်မွန်စေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ကျောင်းစာကြည့်တိုက်တွင် စာအုပ်စာစောင်များထားရှိမှုကို ကြည့်ရှုအားပေးကာ စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များကို ပေးအပ်လှူဒါန်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာ၊ နေပြည်တော်ကောင်စီလမ်းဘေး ကွင်းအမှတ် (၁၆၃၆-က) လယ်မြေ ခုနစ် ဧကတွင် စိုက်ပျိုးထားသည့် ထိုင်းနှံကောက် စပါးမျိုး နွေစပါးရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးသည်။
ထို့မှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ် ကင်မွန်းတန်းကျေးရွာအုပ်စု၊ ကြံဘိုကျေးရွာအနီးရှိ ကွင်းအမှတ် (၁၃၁၇) တွင် ၂၀၂၄-၂၀၂၅ခုနှစ် မိုးနေကြာ မျိုးစေ့ထုတ် စံပြကွက် ၂၅ ဧက စိုက်ခင်းသို့ရောက်ရှိပြီး တောင်သူများနှင့် တွေ့ဆုံသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက စပါးအပါအဝင် အဓိကသီးနှံ (၁၀) မျိုးကို စိုက်ပျိုးပြီးစီးမှုအခြေအနေများနှင့် ဆီထွက်သီးနှံ စိုက်ပျိုးထားရှိမှုအခြေအနေများကိုလည်းကောင်း၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်တွင် စပါးအပါအဝင် အဓိကသီးနှံ(၁၀)မျိုးကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းအစရှိသည့် နည်းလမ်းလေးရပ်ကို စနစ်တကျ လက်တွေ့လိုက်နာ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲခြင်း၊ မြေများကို စနစ်တကျပြုပြင်ခြင်း၊ သတ်မှတ်သွင်းအားစုများ လုံလုံလောက်လောက် ထည့်သွင်းပေးခြင်း၊ စိုက်ပျိုးရေများကို စနစ် တကျသုံးစွဲခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်းတို့ကို လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးရေးကို ဆောင်ရွက်ကြစေလိုကြောင်း၊ ဆီထွက်သီးနှံများတိုးချဲ့ စိုက်ပျိုးစေလိုကြောင်း၊ နေပြည်တော်အတွင်း လယ်ယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် တောင်သူများက တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တောင်သူများက လက်ရှိစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး မိုးနေကြာ မျိုးစေ့ထုတ် စံပြကွက် ၂၅ ဧက စိုက်ခင်းတွင် တောင်သူ များနှင့်အတူ မိုးနေကြာများ အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်ရပ်ကွက်အတွင်းရှိ ရွှေပြည်သစ်ဆန်စက်သို့ရောက်ရှိပြီး တောင်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် တာဝန်ရှိသူများက တပ်ကုန်းမြို့နယ်အတွင်း လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း အစရှိသည့် နည်းလမ်းလေးရပ်ကို စနစ်တကျ လက်တွေ့ လိုက်နာ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးရေးကို ဆောင်ရွက်ကြစေလိုကြောင်း၊ ဆီထွက်သီးနှံများတိုးချဲ့ စိုက်ပျိုးစေလိုကြောင်း၊ တောင်သူများအနေဖြင့် သဘာဝမြေဩဇာများပြုလုပ်ပြီး မိမိတို့၏ လယ်ယာမြေများတွင် အကျိုးရှိရှိ အသုံးပြုဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တောင်သူများနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေဆွေး၊ သဘာဝမြေဩဇာများ ပြုလုပ်ခြင်း လက်တွေ့သရုပ်ပြမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်ရပ်ကွက်အတွင်းရှိ ဇောတိကရာမ မိုလ်းကောင်းကျောင်းတိုက် ရပ်/ကျေးသံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဇောတိက၊ ဆရာစံရပ်ကွက်အတွင်းရှိ ကျောင်းသစ်ကျောင်းတိုက် မြို့နယ်ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တကုမာရ၊ အနော်ရထာရပ်ကွက်အတွင်းရှိ မဟာဗောဓိပညာ ဒါနကိုယ်ပိုင်အထက်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တဥဠုရာဇဗုဒ္ဓိ ဆရာတော်တို့အား သွားရောက် ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ဆောင်ရွက်နေသည့် ပုဗ္ဗသီရိမြို့နယ်ရှိ ဘဲကုန်းမီးပွိုင့်အနီးမှ ပင်လောင်းလမ်းဆုံအထိ လမ်းဘေးဝဲ/ယာတွင် သန့်ရှင်းသာယာလှပစေရန်အတွက် နှစ်တိုပန်းအလှပင်များဖြစ်သည့် စက္ကူပန်း၊ နွယ်သာကီ၊ စိန်တံချူနှင့် စိန်ပန်းပုပင်များအား စိုက်ပျိုးထားရှိမှုအခြေအနေများ၊ ရေထွက်မြောင်များဆောင်ရွက်နေမှုနှင့် သန့်ရှင်းသာယာရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပင်လောင်းလမ်းဘေးဝဲ/ယာတစ်လျှောက် သန့်ရှင်းသပ်ရပ်သာယာလှပမှုရှိစေရန်အတွက် ပန်းအလှပင်များ အမြန်ဆုံးရှင်သန်ကြီးထွားစေရေး ပေါင်းသင်၊ မြေဆွ၊ မြေဆွေးထည့်ခြင်းလုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)