ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားလေဆိပ်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၊ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်းနှင့် မြစ်ရေကြီးမြင့်မှုဖြစ်စဉ်တွင် ကူညီဆောင်ရွက်ခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား ဇူလိုင် ၁၃

ကချင်ပြည်နယ်၏ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် လေဆိပ်ဧရိယာအား မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး၊ မြစ်ရေကြီးမြင့်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် မြို့၏ပင်မရေမြောင်းများ ရှင်းလင်းရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၇ နာရီခွဲက တာဝန်ရှိသူများနှင့်အညီ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားလေဆိပ်ဝင်းအတွင်း စည်ပင် သာယာရေးအဖွဲ့ အရာထမ်း၊ အမှုထမ်းများနှင့် Kachin State Clean & Green Team အဖွဲ့ဝင်များက စက်ယန္တရားကြီးများနှင့်အတူ အမှိုက်များကောက်ယူခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း စသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး လေဆိပ်ဝင်း မျက်နှာစာရှိ မြေဧရိယာအား မြေယာရှုခင်းပြုပြင်ပြီး သဲနှုန်းဖြည့်စွက်၍ မြက်နှင့်အလှပန်းပင်များစိုက်ပျိုး၍ ပန်းခြံငယ်သဖွယ်ဆောင်ရွက်နိုင်ရေး၊ ကားရပ်နားကွင်းပြုလုပ်နိုင် ရေးတို့အတွက် စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြို့သစ်ကြီးရပ်ကွက်နှင့် ကြက်ပေါင်ခြံသွားလမ်းပေါ်ရှိ မြို့တွင်းမှရေများအား ဧရာဝတီမြစ်အတွင်းသို့ အဓိကစီးဝင်စေသည့် ပင်မရေနှုတ်မြောင်းမတစ်ခု ဖြစ်သည့် ရေနှုတ်မြောင်းအမှတ် (၅)အတွင်း မြစ်ရေကြီးမြင့်မှုကြောင့် အမှိုက်နှင့် ခြုံနွယ်များအား စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ရေစီးရေလာကောင်းမွန်စေရေး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေပြန်လည်ကျဆင်းပြီဖြစ်သည့်အတွက် နေအိမ်များတွင် ပြန်လည်ရှင်းလင်းနေထိုင်လျက်ရှိကြသည့် ရပ်ကွက်နေပြည်သူများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ လမ်းမတစ်လျှောက် ရေကြီးမြင့်မှုကြောင့် စွန့်ပစ်ပစ္စည်းများ တင်ကျန်နေမှုများကို ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပင်မရေနှုတ် မြောင်းအမှတ် (၄) မြောင်းအား မြောင်းဧရိယာတိုးချဲ့ပြီး ရေစီးရေလာကောင်းမွန်စေရေး စက်ယန္တရား များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သန့်ရှင်းရေးလုပ်သားများအတွက် ကြက်ဥများကို ထောက်ပံ့ပေး အပ်ခဲ့ကြသည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြေမြင့်ရပ်ကွက် မြေမြင့်ဘုန်းတော် ကြီးကျောင်း ယာယီရေဘေးရှောင်စခန်း၌ ရေများပြန်လည်ကျဆင်းပြီဖြစ်သည့်အတွက် ၎င်းတို့၏ နေအိမ်များတွင် ပြန်လည်ရွှေ့ပြောင်းနေထိုင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အိမ်ထောင်စု များအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆန် (၅)အိတ်၊ ခေါက်ဆွဲခြောက်ဖာ (၁၀)ဖာနှင့် ကြက်ဥ (၂၁)ကတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြ သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ဇွန် ၃၀ ရက်နေ့နှင့် ဇူလိုင် ၁ ရက်နေ့တို့တွင် ဧရာဝတီမြစ်ရေ ကြီးမြင့်လာမှုကြောင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့တွင် ရေဘေးကယ်ဆယ်ရေးတွင် စွမ်းစွမ်းတမံ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ရေကြီးမြင့်မှုကြောင့် မြို့၏ ဧရိယာတော်တော်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ရေနစ်မြှုပ်ခဲ့သည့် နေအိမ်များမှ ပြည်သူ များ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရာတွင် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ရေဘေးဖြစ်စဉ်တွင် ကိုယ်ကျိုးမငှဲ့ဘဲ လူသားချင်းစာနာမှု၊ လူသားပီသမှုဖြင့် စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ခဲ့ကြသော ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းများအား ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် မြစ်ရေပြန်လည်ကျဆင်းပြီဖြစ် သည့်အတွက် နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ မဖြစ်ပေါ်စေရေး၊ ပြန်လည်ထူထောင် ရေးနှင့် ပျက်ဆီးဆုံးရှုံးမှုများ ပြုပြင်ဆောင်ရွက်နိုင်ရေး၊ ကုစားပေးနိုင်ရေးစသည့်လုပ်ငန်းများကို လည်း မဖြစ်မနေကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ရေဘေးဖြစ်စဉ်တွင် စွမ်းစွမ်းတမံပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် ပြည်နယ်/ ခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်း၊ မြစ်ကြီးနားခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၅ သိန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတပ်ဖွဲ့ဝင်အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၅ သိန်း၊ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်း၊ ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၅ သိန်း၊ ကြက်ခြေနီတပ်ဖွဲ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၅ သိန်း၊ ဦးအောင်မင်းသူ (ယန္တရားအဖွဲ့) အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၅ သိန်း၊ ပေးဆပ်သူလူမှုကူညီရေးအသင်းအတွက် ဂုဏ်ပြုချီးမြှင့် ငွေကျပ် ၅ သိန်းနှင့် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ ရင်းရင်းနှီးနှီး သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)