မော်လမြိုင် ဇူလိုင် ၁၃
မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြေသော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဝင်းအတွင်း၊ ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်းစိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြုစုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများအတွင်း ခြင်မှတဆင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် တပ်မတော်သားများနှင့်အတူ တာဝန်ရှိသူများမှပူပေါင်း၍ ခြင်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ အခြေခံပညာစာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေရပြီး ဥပတိရုပ်ကောင်းမွန်စေရေး၊ ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေး အလေးထားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားကာ တာဝန်ရှိများနှင့်တွေ့ဆုံ၍ ကျောင်းကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စာသင်ကျောင်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းသန့်ရှင်းသာယာလှပစေရေး ကျောင်းအကျိုးပြုစုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)