အမရပူရ ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်တွင် မြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာအုပ်စုခုနှစ်စုရှိ ပြည်သူများ ရေဘေးသင့်ခဲ့ရာ အဆိုပါ ရေဘေးသင့်ပြည်သူများကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ စားနပ်ရိက္ခာအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့ ၂ နာရီအချိန်က အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ မြတ်စေတနာခန်းမ၌ကျင်းပခဲ့သည်။
ဦးစွာ အမရပူရခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ကျေးရွာအုပ်စု ၇ အုပ်စုမှ ရေဘေးသင့် ပြည်သူများအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သက်သက်အေးတို့က ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူကြောင်း သိရသည်။ ထောက်ပံ့မှုအတွက် ရေဘေးသင့် ပြည်သူများ ကိုယ်စားရွှေကြက်ယက်အုပ်ချုပ်ရေးမှူး ဦးဌေးလွင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယနေ့ထောက်ပံ့မှုတွင် ကျေးရွာအုပ်စု ၇ စုမှ ရေဘေးသင့် ပြည်သူ ၂၂၆၂ ဦးအတွက်တစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် ၄၇၅၀၂၀၀ (လေးဆယ့်ခုနှစ်သိန်းငါးသောင်းနှစ်ရာတိတိ)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)