မချမ်းဘောမြို့တွင် စာကြည့်တိုက်ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံစာကြည့်တိုက် ပညာဆင့်ပွားသင်တန်း ဖွင့်လှစ်

မချမ်းဘော ဇူလိုင် ၁၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခြေခံပညာဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဦးဂျီယောနသန်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားခဲ့သည်။ ထိုသို့ပြောကြားရာတွင် အခြေခံပညာကျောင်းများရှိ ကျောင်းသားလူငယ်များအတွက် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာပြီး အမှားအမှန် ခွဲခြားတတ်စေရန် ဗဟုသုတပြည့်စုံပြီး ကိုယ်ချင်းစာတတ်သော လူငယ်များအဖြစ် ကြီးပြင်းလာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများကို မွေးမြူပေးသည့် နေရာသည် စာကြည့်တိုက်ပင်ဖြစ်ခြင်းကြောင့် ကျောင်းစာကြည့်တိုက်များကို ပိုမိုအသက်ဝင်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် စာကြည့်တိုက် စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အခြေခံကျသည့် အခြေခံစာကြည့်တိုက် ပညာနည်းစနစ်များကိုလည်း စဥ်ဆက်မပြတ် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်းကို ပို့ချရာ ဦးစီးအရာရှိ ဒေါ်နီနီလွင်က စာအုပ်များ မျိုးတူစုပြုခြင်းနှင့် မျိုးတူစုပြုရခြင်း ရည်ရွယ်ချက်များကိုလည်းကောင်း၊ စာကြည့်တိုက်မှူး ဒေါ်ဖုန်ကူးခါ့မိုင်က စာစုလုပ်ငန်း၊ စာပြုလုပ်ငန်းများ အဆင့်ဆင့်နှင့် စာအုပ်များ စင်တင်ငှားရမ်းနိုင်သည်အထိ ပြုလုပ်ပုံ အဆင့်ဆင့်တို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပြီး သင်တန်းပို့ချချက်အပေါ် တတ်မြောက်မှုများကို စာပြုလုပ်ငန်းအဆင့်ဆင့်ပြုလုပ်မှုများကို အုပ်စုအလိုက် လက်တွေ့ ဆောင်ရွက်စေခြင်းများနှင့် ပြန်လည်ဆွေးနွေးစေခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။ အဆိုပါ သင်တန်းကို မချမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၂၁)ဦး တက်ရောက်ကြပြီး တက်ရောက်လာကြသော ဆရာ၊ဆရာမများက ခင်ကျင်းပြသထားသော ရေဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး နံရံကပ်များ၊ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်များနှင့် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ယောရွှေနီ