ဒဂုံမြောက် ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေးဗီနိုင်းများချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများကို မြို့နယ်အတွင်းရှိ ဈေးများ၊ ရပ်ကွက်များ၊ အခြေခံပညာကျောင်းများ စသည့်လူစည်ကားသည့်နေရာများတွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် (၃၅)ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်များတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဦးဆောင်၍ တာဝန်ခံဆရာမ ဒေါ်သက်သက်ခိုင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကျေးအဖွဲ့ဝင်များမှ စားသောက်ဆိုင်များအား ဝမ်းပျက်ဝမ်းလျှောရောဂါများ ပြန့်ပွားခြင်းမရှိစေရန် ရေကန်များ ဆေးဖြန်းဆေးခပ်ခြင်းနှင့် ရေအိမ်များထုံးဖြူးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
အလားတူ မြို့နယ်အတွင်းရှိ အခြားရပ်ကွက်များတွင်လည်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် စာသင်တိုက်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါမှ ကြိုတင်ကာကွယ်နိုင်ရန် ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဗီနိုင်းများ လိုက်လံချိတ်ဆွဲပေးခြင်းတို့ကို အရှိအဟုန်မြှင့်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ