ဗိုလ်တထောင် ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ရဲရိပ်သာရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း (၁၁)ကျောင်း၊ ဗိုလ်တထောင်ဘုရားစျေး၊ ဘုရားဝန်ထမ်းအိမ်ယာ များအတွင်းရှိပြည်သူများထံသို့ ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှုး ဦးမျိုးညီညီနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဟေမာဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညွှန့်နှင့်အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ရပ်ကွက်များတွင် ဖြစ်ပွားနေသော ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန်များ အသိပညာပေး ပြောကြားခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေး ဗီနိုင်းများ ချိတ်ဆွဲပေးခြင်း၊ အစာမစားမီနှင့် အိမ်သာမှဆင်းလျှင် လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောရန်နှင့် ရေစည်ရေအိုးများအတွင်း ကလိုရင်းဆေးခတ်ခြင်း၊ ထုံးမှုန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ ပရဟိတအဖွဲ့၀င်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဝမ်းလျောဝမ်းပျက်ရောဂါ ဖြစ်ပွားသည့် လက္ခဏာတွေ့ရှိပါက နေအိမ်၌ကုသခြင်းမပြုရန်၊ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်း၊ ကျန်မာရေးဌာနနှင့် ဆက်သွယ်၍ အမြန်ဆုံးဆေးကုသမှုခံယူရန် မှာကြားခဲ့ကြောင်း သတင်းရသည်။
ခင်၀င်း(ပြန်/ဆက်)