မရမ်းကုန်း ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်ကော်မတီဝင် ၁၂ ဦးဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
ရှေးဦးစွာ မရမ်းကုန်းမြို့နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ရရှိသော ကိန်းဂဏန်း အချက်အလက်များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အခြေခံအချက်အလက်များဖြစ်၍ တန်ဖိုးရှိသည့် ကိန်းဂဏန်းအချက်အလက်များဖြစ်အောင် မှန်မှန်ကန်ကန် ရရှိရန်လိုအပ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းအဆင့်အလိုက် မကျန်အောင် မထပ်အောင် ကော်မတီအဖွဲ့ဝင်များက ကြီးကြပ်၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးပြောကြားခဲ့ပြီး မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးသန့်ဇင်က မရမ်းကုန်းမြို့နယ်အတွင်း စာရင်းကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက်များအား စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်တန်းကာလ (၁၂) ရက်ဖြင့် မြို့နယ်အဆင့်သင်တန်းကို Tablet များအသုံးပြု၍ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များက သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ကောက်ယူသွားမည့် လုပ်ငန်းစဉ်များအား အသီးသီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းအား အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့ အထိ မရမ်းကုန်းမြို့နယ်ရှိ ရပ်ကွက် (၁၀) ရပ်ကွက်၌ စာရင်းစစ်( ၃၇) ဦး၊ စာရင်း ကောက် (၂၀၈)ဦး၊ စုစုပေါင်း (၂၄၅) ဦးဖြင့် ကောက်ကွက် (၄၁၃) ကွက်ဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)