နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဥတ္တရသီရိမြို့နယ်၊ ငလိုက်ရေလှောင်တမံ ရေဝေရေလဲဧရိယာ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်ပြီး မအူလေးပင်ကျေးရွာရှိ ဇီဝဇိုး ငှက်မွေးမြူရေးခြံအား ကြည့်ရှုအားပေး

နေပြည်တော် ဇူလိုင် ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ပျိုးရေ၊ သောက်သုံးရေ ဖြန့်ဖြူးပေးဝေနေသော ငလိုက်ရေလှောင်တမံကြီး သက်တမ်းရှည်ကြာစွာဖြင့် အကျိုးပြုစေနိုင်ရေး အထောက်အကူဖြစ်စေရန်နှင့် ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် တမံအတွင်းဝင်ရေလျော့နည်းလာမှုကို ကာကွယ်နိုင်ရေး၊ မြေဆီလွှာတိုက်စားမှု ကာကွယ်နိုင်ရေး၊ သဲနှုန်းအနည်ကျ လျော့နည်းစေရေး အကျိုးကျေးဇူးများ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ငလိုက်ရေလှောင်တမံ ရေဝေရေလဲဧရိယာ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် မိုးရာသီ ဇူလိုင်လသည် သစ်ပင်စိုက်ပျိုးတဲ့လဖြစ်ပြီး “ဥတုရာသီတောကိုမှီ” ဆိုသကဲ့သို့ သစ်တော သစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းပါမှ သစ်တောဖုံးလွှမ်းမှု ဂေဟစနစ် ကောင်းမွန်ပြီး လူသန်းပေါင်းများစွာ လိုအပ်တဲ့ အစားအစာ သစ်၊ ဝါး၊ ကြိမ်၊ ဆေးဖက်ဝင်အပင် အစရှိသော သစ်တောထွက် ပစ္စည်းအမျိုးမျိုးရရှိနိုင်သလို ရာသီဥတုပြောင်းလဲမှုကိုလည်း ထိန်းညှိပေးနိုင်သွားမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်းတည်ရှိသော ရေလှောင်တမံများ၏ ရေဝေရေလဲဧရိယာများတွင် ဒေသခံပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးလာစေရန်၊ ပတ်ဝန်းကျင်ရေရှည် တည်တံ့စိမ်းလန်းစိုပြည်စေရန်၊ တမံများကို သက်တမ်းရှည်ကြာစွာ အကျိုးရှိရှိ အသုံးပြုနိုင်စေရန်၊ ရာသီဥတုဆိုးရွားစွာပြောင်းလဲမှုများမှ ကာကွယ်နိုင်ရန်၊ ရေဝေရေလဲထိန်းသိမ်းရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် ငလိုက်ရေလှောင်တမံ၏ ရေဝေရေလဲ ဧရိယာများတွင် သစ်ပင်ပျိုးပင်များကို စိုက်ပျိုးပြီး သစ်တောပြုစု ထိန်းသိမ်းခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရဲ့ စံပြနယ်မြေ Green City, Clean City, Smart City အဖြစ် တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်တဲ့အတွက် နေပြည်တော်အတွင်းရှိ ဆည်၊ ကန်၊ တာတမံများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ အကျိုးဖြစ်ထွန်းမှု များစွာရရှိရေး၊ မြေဆီလွှာပြုန်းတီးမှုမှ ကာကွယ်ရေး၊ စိုက်ပျိုးမြေချဲ့ထွင်မှုမရှိစေရေးအတွက် သစ်တောသစ်ပင်များနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးတို့ကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်များဆီသို့ ဂေဟစနစ်ကောင်းမွန်သော မြို့ပြလူနေမှုစနစ်ကို လက်ဆင့်ကမ်း အမွေပေးသွားရမှာဖြစ်ကြောင်း၊ တမံရေဝေရေလဲ ဧရိယာများတွင် သစ်ပင်သစ်တောများ ရှင်းသန်ကြီးထွား၍ သစ်တောဂေဟစနစ် ကောင်းမွန်လာစေရေး ဆောင်ရွက်ခြင်းအားဖြင့် ဆည်၊ တာတမံများ သက်တမ်းရှည်ကြာစွာ အကျိုးဖြစ်ထွန်း၍ စိုက်ပျိုးရေ၊ သောက်သုံးရေ ပြည့်ဝ ဖူလုံစွာ ပေးဝေနိုင်ရေး၊ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကြောင့် တမံဝင်ရေ လျော့နည်းခြင်းမှ ကာကွယ်နိုင်ရေးစတဲ့ အကျိုးကျေးဇူးများ ရရှိခံစားနိုင်ရေးအတွက် သစ်တောသစ်ပင်များ ရှင်သန်ကြီးထွားနိုင်ရေးအတွက် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ဌာနအသီးသီးမှ ဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူလူထုမှ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ၂၀၂၄ ခုနှစ်၊ ငလိုက်ရေလှောင် တမံရေဝေရေလဲဧရိယာ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ရတနာတန်းဝင် ကျွန်းပင်ကို စိုက်ပျိုးပေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သတ်မှတ် နေရာများတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် လူမှုရေးအသင်း အဖွဲ့များမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာများမှ ပြည်သူများက သတ်မှတ်နေရာများအလိုက် ရတနာတန်းဝင်ကျွန်း၊ တမာ၊ မန်ကျည်း စသည့် သစ်မျိုးသုံးမျိုး၊ အပင်ပေါင်း ၅၆၀ ပင်ကို စုပေါင်းစိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မအူလေးပင်ကျေးရွာတွင် လုပ်ငန်းရှင် ဦးထင်လင်း၏ ဇီဝဇိုးငှက် မွေးမြူရေးခြံသို့ ရောက်ရှိကြည့်ရှုအားပေးရာ ခြံတာဝန်ခံက ဇီဝဇိုးငှက်များ မွေးမြူထားရှိမှု အခြေအနေများနှင့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)