ကျောက်တံတား ဇူလိုင် ၁၃
ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အထရှိစေရန် ငယ်စဥ်ကပင် စာကြည့်တိုက်ကို အသုံးပြုတတ်သည့် အလေ့အထရှိစေရန်နှင့် စာကြည့်တိုက်တွင် ပျော်မွေ့၍ စာဖတ်ခြင်း အလေ့အထ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဖိတ်ခေါ်၍ စာကြည့်တိုက်လေ့လာရေးအစီအစဥ်ကို ဇူလိုင်လ (၁၂) ရက်နေ့တွင် စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာကြည့်တိုက်လေ့လာရေးအစီအစဥ်ကို ပထမအကြိမ်အဖြစ် အ.မ.က(၆)မှ ကျောင်းသား/ကျောင်းသူ (၃၀)ခန့်သည် ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန “ပညာ့အလင်းခေတ်မီစာကြည့်တိုက်” သို့ လာရောက်ခဲ့ရာ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် စာကြည့်တိုက်၀န်ထမ်းများက စာကြည့်တိုက်တွင် ပြသထားသည့် ပြတိုက်ငယ်၊ အာဇာနည်နေ့ တို့မမေ့စာအုပ်ပြပွဲ ပြသထားမှုတို့ကို ရှင်းလင်းပြသခြင်း ‘အာဇာနည်နေ့အကြောင်း' ဟောပြောခြင်းစသည့် အသိပညာ၊ ဗဟုသုတ ဖြစ်ဖွယ်အစီအစဥ်များနှင့်အတူ စာဖတ်စွမ်းရည် တိုးတက်စေရန်အတွက် Very Hungry Carterpillor သရုပ်ဖော်ပုံပြင် ပြောပြခြင်း၊ စိတ်ကြိုက်ပုံပြောခြင်းအစီအစဥ်၊ အဖွဲ့လိုက်စု ပေါင်းဆောင်ရွက်တတ်စေရန်၊ အင်္ဂလိပ်စာ တိုးတက်စေရန်နှင့် ကလေးများပျော်ရွှင်စေရန်အတွက် အုပ်စုအလိုက်‘ အင်္ဂလိပ်စကားလုံးဆက်ပြိုင်ပွဲနှင့် လက်ဆင့်ကမ်း ပိုက်-ကွင်းပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီး အုပ်စုလိုက် ပြိုင်ပွဲတွင် ပါ၀င်ယှဥ်ပြိုင်ကြသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်လေ့လာရေးအစီအစဥ်ကို မြို့နယ်အတွင်းရှိကျောင်းများကို အလှည့်ကျ ဖိတ်ခေါ်၍ လစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အခြားအခြေခံပညာကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများအနေဖြင့်လည်း အဆိုပါအစီအစဥ်အား စိတ်ဝင်စားပါက ‘ပညာ့အလင်းခေတ်မီစာကြည့်တိုက်' အမှတ်၂၂/၂၄၊ ပန်းဆိုးတန်းလမ်းမကြီး၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် လာရောက်ဆက်သွယ်နိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)