နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး နေပြည်တော်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ (၅/၂၀၂၄) အစည်းအဝေးသို့ တက်ရောက်

နေပြည်တော် ဇူလိုင် ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ (၅/၂၀၂၄) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ နေပြည်တော်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊  နေပြည်တော်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ နေပြည်တော်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက ပုဂ္ဂလိကကျန်းမာရေးဥပဒေအရ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများ ဥပဒေနှင့်အညီ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကော်မတီအနေဖြင့် ထိန်းကျောင်းတည့်မတ်ပေးရာတွင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများမှာ ဝန်ဆောင်မှုပေးနေကြသည့် ဆရာဝန်၊ သူနာပြုများအနေဖြင့် မိမိတို့သက်ဆိုင်ရာ ဆေးကောင်စီ၊ သူနာပြုနှင့်သားဖွားကောင်စီတွေဆီက သက်တမ်းရှိ ဆေးကုသခွင့်လိုင်စင်တွေ ရှိ/မရှိ စိစစ်ခွင့်ပြုပေးကြရန်နှင့် သက်တမ်းရှိ ဆေးကုသခွင့်လိုင်စင်မရှိဘဲ ပုဂ္ဂလိကဆေးရုံ/ဆေးခန်းတွေမှာ ဝင်ရောက်ဆေးကုသမှုပေးနေတာတွေ မရှိစေရေးအတွက် စိစစ်ကြရန်လိုကြောင်း၊ လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆေးရုံ/ဆေးခန်းများမှာ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာတွေ ချိတ်ဆွဲထားရှိဖို့ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ကြစေရန်နှင့် နိုင်ငံတော်ကိုပေးသွင်းရမည့် အခွန်အခများကိုသက်ဆိုင်ရာ ဘဏ္ဍာနှစ်နှင့်အညီ ပေးသွင်းထားမှု ရှိ/မရှိကိုလည်း ထည့်သွင်းစိစစ်ရန်လိုကြောင်း၊ လိုင်စင်လျှောက်ထားတင်ပြလာသည့် ပုဂ္ဂလိကအထူးကုဆေးခန်းတစ်ခု၊ သာမန်ဓာတ်မှန်လုပ်ငန်းသုံးခု၊ သာမန်ဓါတ်ခွဲလုပ်ငန်းနှစ်ခု၊ အထွေထွေရောဂါကုဆေးခန်းခြောက်ခု၊ စုစုပေါင်း လုပ်ငန်း ၁၂ ခု တို့ကို လိုင်စင်ချထားပေးရေးအတွက် ခွင့်ပြုချက် တောင်းခံထားလျှောက်ထားမှုများအပေါ် ကော်မတီဝင်များအနေဖြင့် သဘောထားမှတ်ချက်များဖြင့် အကြံပြုစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ နေပြည်တော်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမှု အခြေအနေများ၊ နေပြည်တော်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ (၅/၂၀၂၄)တွင် လျှောက်ထားလာသည့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများကို တင်ပြ၍ အတည်ပြုချက်ရယူမှု အခြေအနေများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ပုဂ္ဂလိကဆေးရုံများနှင့် ပြည်သူ့ဆေးရုံးများတွင် အတွင်းလူနာတက်ရောက်မှု နှိုင်းယှဉ်မှုများအား ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းလိုင်စင် အမျိုးမျိုးကို ထုတ်ပေးသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်က ရှင်းလင်းဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)