မော်လမြိုင် ဇူလိုင် ၁၂
မွန်ပြည်နယ် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီဝင်များ တက်ရောက်သည်။
အစည်းအဝေးတွင် မွန်ပြည်နယ် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်က ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေနှင့်အညီ စိစစ်ခွင့်ပြုထားသော ပုဂ္ဂလိကဆေးရုံ/ဆေးခန်းများအနေဖြင့် အရေးပေါ်ထိခိုက်ဒဏ်ရာ ရရှိသော လူနာများကို ပြုစုကုသမှုပေးရာတွင် ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာကို ကူညီစောင့်ရှောက်ခြင်းနှင့် ကုသခြင်းဆိုင်ရာဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်မည့်ပုဂ္ဂိုလ်များနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီ တိကျစွာ လိုက်နာစေရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သော ဆရာဝန်၊ သူနာပြု၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများအား ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်ခွင့်မပြုရန် အထူးကြပ်မတ်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းအမှာစကားပြောကြားသည်။
ဆက်လက်၍ မွန်ပြည်နယ် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ဒေါက်တာအောင်မြင့်ဦးမှ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ ပြည်နယ် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဆောင်ရွက်မှုနေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များဝင်များမှ ပြည်နယ်အတွင်း ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ကြီးကြပ်ရေး ဆောင်ရွက်ထားရှိမှုတို့နှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး လိုအပ်သည်များကို အကြံပြုဖြည့်စွက်ဆွေးနွေးခဲ့ကာ ပြည်နယ်လူမှုရေးရာဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးမှ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရန်၊ မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်စေရန်၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများတွင် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင်ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများကို သင်ကြားပေးရမည်ဖြစ်ကြောင်း၊ သင်ကြားသင်ယူမှု အရည်အချင်းစစ်ဆေးခြင်း၊ တတ်မြောက်မှုကို ပြန်လည်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သီချင်းသီဆိုရေးနှင့် နိုင်ငံတော်အလံ အလေးပြုရေးတို့ကိုလည်း ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် ကြီးကြပ်ရေးအဖွဲ့များအနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်နန့်စယ်လီလှိုင်မှ ကြီးကြပ်ရေးအဖွဲ့ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ကိစ္စ၊ ပုဂ္ဂလိကကျောင်း ဆရာမှတ်ပုံတင်လက်မှတ်ကိစ္စများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ကြီးကြပ်ရေးအဖွဲ့ဝင်များမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကာ ပြည်နယ်လူမှုရေးရာဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးမှ မွန်ပြည်နယ်အတွင်း လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာကိစ္စရပ်တွေကို ကဏ္ဍပေါင်းစုံမှ ထိထိရောက်ရောက် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ရေးရာကော်မတီများဟာ အခြေခံကျတဲ့အဖွဲ့အစည်းဖြစ်လို့ လုပ်ငန်းတာဝန်များကို ထဲထဲဝင်ဝင်သိရှိနားလည်ပြီး လုပ်ငန်းများ လျင်လျင်မြန်မြန်အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား၊ လူငယ်ဖိုရမ်၊ လူငယ်လေ့လာရေးခရီးအစီအစဉ်နှင့်ပတ်သက်ပြီး လူမှုအကျိုးပြုလုပ်ငန်းများတွင် ပြည်နယ်အတွင်အတွင်းရှိ ကဏ္ဍပေါင်းစုံမှ ထူးချွန်လူငယ်မောင်မယ်များကို စေလွှတ်နိုင်ရေး ကြိုတင်စိစစ်ရွေးချယ်ထားကြရမည်ဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် လူငယ်ရေးရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ် လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ၊ မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထိုက်ဦး မှ ထူးချွန်လူငယ်များ ရွေးချယ်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာကြသောကော်မတီဝင်များမှ မွန်ပြည်နယ်လူငယ်ရေးရာကော်မတီအဆင့်ဆင့်ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအပေါ် တာဝန်ရှိသူများမှ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)