ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြန်လည်ထူထောင်ရေးကျေးရွာဖြစ်သည့် ငွေပျော်စံပြကျေးရွာ အပါအဝင် ပလနကျေးရွာအုပ်စုအတွင်းမှ မွေးမြူရေးတောင်သူများအတွက် မွေးမြူ ရေးတိရစ္ဆာန်များ၊ ဆေးဝါးပစ္စည်းများနှင့် ဖြည့်စွက်အစာအိတ်များ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား ဇူလိုင် ၁၃

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စုအတွင်းရှိ ပလန(၂)၊ ပလန(၃) ကျေးရွာများနှင့် ပြန်လည်ထူထောင်ရေးကျေးရွာတစ်ခုဖြစ်သည့် ငွေပျော်စံပြကျေးရွာမှ ပြည်သူများအား အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်းအတွက် မွေးမြူရေးတိရစ္ဆာန်များ၊ ဆေးဝါးများနှင့် အစားအစာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၁၁ ရက် ညနေ ၃ နာရီက ကျေးရွာဘက်စုံ သုံးခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုတိုးတက်စေရေး ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့ပေးလျက်ရှိရာ ယနေ့ ပလနကျေးရွာအုပ်စုအတွင်းမှ ပြည်သူများအား မွေးမြူရေးတိစ္ဆာန် များကို ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း၊ ဒေသခံများအနေဖြင့် အိမ်တိုင်းတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းအပြင် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် အသားနှင့် ဥစားသုံးမှု ပိုမို ဖူလုံလာမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် မွေးမြူရေးလုပ်ငန်းများကို မိရိုးဖလာနည်းဖြစ်သော လွတ်ကြောင်းစနစ်အစား ပိုမိုအကျိုးဖြစ်ထွန်းစေရေး စနစ်တကျ ခြံလှောင်စနစ်ဖြင့် မွေးမြူရန်အထူးတိုက် တွန်းလိုပါကြောင်း၊ ထို့အပြင် မွေးမြူရေးတောင်သူများ စိတ်ဝင်စားမှုနှင့် စိတ်အားထက်သန်မှုရှိစေရန် စည်းရုံးဟောပြောခြင်း၊ ခေတ်မီမွေးမြူရေး နည်းပညာများ ရှင်းလင်းဆွေးနွေးခြင်းအားဖြင့် မွေးမြူရေး လုပ်ငန်းများ ပိုမိုတိုးချဲ့မွေးမြူလာမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက်ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းအေးက ဘဏ္ဍာနှစ်အလိုက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အထောက်အကူဖြစ်စေရေးအတွက် မွေးမြူရေးတိရစ္ဆာန်များ ထောက်ပံ့ပေးနေမှု အခြေအနေများနှင့် ယနေ့အခမ်းအနားတွင် ထောက်ပံ့ပေးသွားမည့် ဆေးဝါးနှင့် စွမ်းအားပြည့်အစားအစာများအကြောင်း အသိပညာပေး ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ကျေးရွာများနေ တောင်သူ (၉၇) ဦးတို့အတွက် ဒေသဝက်ကောင်ရေ (၄၀)၊ ဒေသဆိတ်ကောင်ရေ (၁၇)ကောင်၊ ဒေသကြက်ကောင်ရေ (၄၀၀)တို့နှင့် မွေးမြူရေးအထောက်အကူပြု ဆေးဝါးပစ္စည်းများ၊ နေဗီယာမြက် အပါအဝင် တိရစ္ဆာန် ဖြည့်စွက်အစားအစာအိတ်များနှင့် ငွေပျော်စံပြကျေးရွာအတွင်း ထပ်မံပြောင်းရွှေ့လာသည့် မိသားစုများအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သောက်သုံးရေ ရရှိရေးလုပ်ငန်းအတွက် ငွေကျပ်သိန်း ၁၅၀ ကို အသီးသီးထောက်ပံ့ပေးအပ်ကြရာ ဒေသခံပြည်သူများက စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ လိုအပ်ချက်များ၊ ကျေးရွာများအတွင်း အခြေခံအဆောက်အအုံလိုအပ်ချက်၊ လျှပ်စစ်မီးလင်း ရေး၊ ပညာရေးကဏ္ဍဆိုင်ရာများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ကဏ္ဍအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနား တက်ရောက်လာသူများအား မုန့်များကို လိုက်လံဝေငှကျွေးမွေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ငွေပျော်စံပြကျေးရွာအတွင်း ဒေသခံများ၏ တင်ပြချက်အရ ပညာရေးဝန်ထမ်းအိမ်ရာ အဆောက်အအုံများ ပြင်ဆင်ပေးနိုင်ရေးနှင့် ကျောင်းသားဦးရေ တိုးမြှင့်လာမှုအပေါ် အခြေခံပညာကျောင်းစာသင်ဆောင်သစ်များ တိုးချဲ့ဆောင်ရွက်ပေးနိုင်ရေးတို့ကို တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)