ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်ချီးမြှင့်၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲအဖွဲ့သို့ လှူဒါန်းသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

မြစ်ကြီးနား ဇူလိုင် ၁၃

ကချင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ကြပြီး အခမ်းအနားကို ဘက်စုံပညာရည် ဒို့လှမ်းချီ တေးသီချင်း သီဆိုဖျော်ဖြေ ဖွင့်လှစ်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် နိုင်ငံတော်အဆင့် အမှတ်အများဆုံး ရရှိခဲ့သည့် ကျောင်းသား/ ကျောင်းသူ (၂)ဦး အပါအဝင် (၁)ဘာသာဂုဏ်ထူးရှင်မှ (၆)ဘာသာဂုဏ်ထူးရှင်အထိ (၇၆၀)ဦး မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ဒါအပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို (၅၇၀၀) ကျော်ဝင်ရောက်ဖြေဆိုခဲ့ရာ (၃၄၈၅)ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက် (၆၀ ဒဿမ ၆၄)ရာခိုင်နှုန်း ဖြင့် နိုင်ငံတော်အဆင့် ပဉ္စမရရှိခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ထို့အတူ ကချင်ပြည်နယ်၏ ပညာရေးတိုးတက်လာစေရေး နယ်ပယ်အသီးသီးမှ ကြိုးစားဆောင်ရွက်ပေးခဲ့ကြ သူများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း နိုင်ငံတော်မှအားကိုးရသည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်လာအောင် ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းလိုပါကြောင်း မှာကြားသည်။

ထို့နောက် ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ထွေးက ကချင်ပြည်နယ်၏ ပညာရေး အခြေအနေများနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်သွားမည့် အစီအစဉ်များနှင့် အခမ်းအနားတွင် ဂုဏ်ပြုဆု များ ချီးမြှင့်ပေးအပ်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အဆင့် ဝိပ္ပံတွဲ စတုတ္ထအဆင့်နှင့် ဆဋ္ဌမအဆင့်ရရှိသူ (၂)ဦးနှင့် (၆)ဘာသာဂုဏ်ထူးရှင် (၄)ဦးတို့အား လည်း ကောင်း၊ ကချင်ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက (၆)ဘာသာဂုဏ်ထူးရှင် (၅)ဦးတို့အား လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ တာဝန်ရှိသူများက (၅)ဘာသာဂုဏ်ထူးရှင် (၃၃)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၆၀)ဦးတို့အား ဂုဏ်ပြု ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်အတွင်း အောင်ချက်အကောင်းဆုံး မြို့နယ်ဆု၊(ကျောင်းသား(၁၀၀)နှင့်(၁၀၀)အောက် အောင်ချက်အကောင်းဆုံး ကျောင်းဆုများ၊ ဘာသာတွဲအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများ၊ ပြည်နယ်အဆင့် ဂုဏ်ထူးအများဆုံးရ ကျောင်းဆုနှင့် သင်ကြားရေးဆရာ၊ ဆရာမဆုရရှိသူများ၊ ပြည်နယ်အဆင့် အောင်ချက်အကောင်းဆုံးဆုရ ကိုယ်ပိုင်အထက်တန်းကျောင်းဆုများကို အသီးသီးဂုဏ်ပြုဆုများကို ချီးမြှင့်ပေးအပ်ခဲ့ကြပြီး အခြေခံပညာကျောင်းသား/ ကျောင်းသူလေးများက တိုင်းရင်းသားတေးသရုပ် ဖော်အကအလှများဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ လူရည်ချွန် နှစ်ထပ်ကွမ်းရ (၆)ဘာသာဂုဏ်ထူးရှင် ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းနှင့် ဖျော်ဖြေရေး ကျောင်းသား/ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၅) သိန်းကို ပေးအပ်ချီး မြှင့်ပြီး ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများ၊ ဆုရကျောင်းများနှင့် ဆရာ/ဆရာမများ၊ ဖျော်ဖြေ‌ရေး အဖွဲ့များနှင့်အတူ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး ဖုန်ကန် ရာဇီခန်းမ၌ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့သို့ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များက အလှူငွေနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်းပေးအပ်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောကြားပြီး အလှူရှင် မြစ်ကြီးနားသာရေနာရေးလူမှုရေးကော်မတီအသင်းက လှူဒါန်းသည့် ငွေကျပ် (၇၄၆၅၀၀၀)၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်နေ ရွှေဖြူအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီက ငွေကျပ်သိန်း (၁၀၀)၊ ဆန် အိတ် (၅၀)အိတ်နှင့် စားအုန်းဆီပိဿာ (၅၀) လှူဒါန်းမှုကို လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ် တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)