မြောက်ဥက္ကလာပ ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ယာဥ်ထိန်းတပ်ဖွဲ့စု (၃၅) မှ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမာလေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယာဥ်ထိန်းတပ်ဖွဲ့စု (၃၅) မှ မြောက်ဥက္ကလာပမြို့နယ်တပ်စုမှူး ဒုရဲမှူးလှိုင်ဝင်းအောင် ဦးစီးသောတပ်ဖွဲ့ဝင်များက ကျောင်းသား/သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို သိရှိလိုက်နာရေးသည် အရေးကြီးပါကြောင်း၊ စည်းကမ်းတကျ သွားလာမှသာ ဘေးအန္တရာယ်ကင်းရှင်းနိုင်မည်ဖြစ်ကြောင်း၊ ယာဉ်နှင့် လမ်းကို မလွဲမရှောင်သာဘဲ နေ့စဉ်အသုံးပြုနေကြရ၍ စည်းကမ်းနှင့်အညီ လိုက်နာပြုမှုမှသာ ယာဉ်ထိခိုက်မှုကင်းဝေးပြီး လိုရာကိစ္စပြီးမြောက်နိုင်မည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ယာဥ်ထိန်းတပ်ဖွဲ့ဝင်များက ယာဉ်/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား/သူ (၂၀၀) ဦးထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)