ကော့မှူးတွင် သစ်တောသစ်ပင် စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြော

ကော့မှူး ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းတို့ကိုကျောင်း သား/ကျောင်းသူများအတွင်း နှိုးကြားသောအသိစိတ်ဓာတ်ရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ကော့မှူး) ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ အ.ထ.က (ကော့မှူး) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှအေးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလူမင်းက သစ်ပင်များစိုက်ပျိုးခြင်း‌ကြောင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ ဒေသအပူချိန်လျှော့ချနိုင်စေရေးနှင့် သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တောသစ်ပင်များမှ ပေးစွမ်းနိုင်သည့်ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ ရာသီဥတုလျှော့ချရေးတွင်သစ်တောများ၏‌အရေးပါမှုများ၊ သစ်တောသစ်ပင်များထိန်သိမ်းခြင်းနှင့် မိုးရာသီကာလ သစ်ပင်စိုက်ပျိုးခြင်းနည်းစနစ်များအား ရှင်လင်းဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြသည်။ ဆက်လက်၍ အ.ထ.က (ကော့မှူး) ကျောင်းဝန်းအတွင်း၌ ခရေ (၃၀) ပင်၊ မန်ဂျန်ရှား (၂၀) ပင်တို့အားကျောင်းသား/ ကျောင်းသူများနှင့် နမှုနာသရုပ်ပြစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/‌ ဆရာမများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူ (၂၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)