အင်းစိန်မြို့နယ်၌ သစ်တောသစ်ပင်စိုက်ပျိုးခြင်းနှင့်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန် ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ သစ်တောဦးစီးဌာနမှဦးဆောင်၍  ကျောင်းသား/ကျောင်းသူများအား သစ်တောသစ်ပင်စိုက်ပျိုးခြင်းနှင့်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အင်းစိန်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဉီးစီးအရာရှိ ဉီးအောင်ဝင်းကျော်က တက်ရောက်လာသူများအား မိုးရာသီကာလသစ်ပင်စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းဆိုင်ရာနည်းစနစ်များနှင့်အကျိုးကျေးဇူးများအား အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကိုပြန်လည်၍ မေးခွန်းများ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားခဲ့ပြီးနောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမ ဒေါ်မိုးစီစီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ဟောပြောပွဲသို့ တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များကို သစ်တောဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြပြီး  ကျောင်းဝန်းအတွင်း ကျွန်း၊ပိတောက်၊ခရေ ၊ကံ့ကော်၊ စိန်ပန်း၊ပျဉ်းမနှင့်မဟော်ဂနီ စုစုပေါင်းပျိုးပင်(၆၀၅)ပင်အား တက်ရောက်လာသူများနှင့် တာဝန်ရှိသူများက စုပေါင်းအမှတ်တရ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို