ခရမ်း ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာ စောင်ပြပွဲနှင့် စာအုပ်ပြပွဲကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ စိန်ရတုခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဆွေက ဟောပြာပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် အာဇာနည်ခေါင်းဆောင်(၉)ဦး၏ အတ္ထုပ္ပတ္တိအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ် ခင်နှင်းဝေက အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ မျိုးချစ်စိတ်ဓာတ် ရှင်သန်နိုးကြားလာစေရန်၊ နိုင်ငံ့အကျိုးသယ်ပိုးနိုင်သော ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန်နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုလည်းကောင်း၊ အထက်တန်းပြဆရာမ ဒေါ်ဝင်းဝင်းကြည်က အာဇာနည်ကြီးများ အသက်ပေးခဲ့ရသည့် လွတ်လပ်ရေးကို အစဉ်ထာဝရတည်တံ့ခိုင်မြဲအောင် ကာကွယ်စောင့်ရှောက်ကြရန်၊ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်ထွန်းလာစေရေး နိုင်ငံတော်အစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အသိရှိရှိ၊ စေတနာရှိရှိဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်ကိုလည်းကောင်း ဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)