မင်္ဂလာဒုံ ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ စက်ရုံ (၄) ရုံသို့ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲကို မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရန်ကုန်စက်မှုဇုန် Honey Garment Industry Limited-1 အထည်ချုပ်စက်ရုံ၌လည်းကောင်း၊ မင်္ဂလာဒုံစက်မှုဇုန် မြန်မာပိုစတာရီရန် အထည်ချုပ်စက်ရုံ၌လည်းကောင်း၊ Design Time နာရီအစိတ်အပိုင်းစက်ရုံ၌လည်းကောင်း၊ Mac Do Co.,Ltd ဆံပင်တုစက်ရုံ၌လည်းကောင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြရာ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဟေမာန်အိနှင့် ဦးစီးအရာရှိ ဦးမြတ်ထွဋ်ဦးတို့က အလုပ်သမားဥပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြသည်။
ယခုကဲ့သို့ အသိပညာပေးဆွေးနွေးမှုများကို ပြုလုပ်ပေးခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများ အနေဖြင့် အလုပ်သမားဥပဒေများကိုသိရှိလာပြီး အလုပ်ရှင်၊ အလုပ်သမားများ၏ လုပ်ငန်းခွင် ဆက်ဆံရေး ကောင်းမွန်အေးချမ်းသာယာ၍ ကုန်ထုတ်လုပ်မှုတိုးတက်ကာ နိုင်ငံ၏စီးပွားရေး ကဏ္ဍများကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
သိန်းထွန်းအောင်(ပြန်/ဆက်)