လှည်းကူး ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၂ ရက် နံနက်၁၀နာရီက လှည်းကူးခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးခင်မောင်ဦးက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းနှင့်ပတ်သတ်၍ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်နွယ်နီခင်က သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အောင်မြင်စွာကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း သင်တန်းများဖွင့်လှစ်နိုင်ရေး၊ စာရင်းစစ်နှင့်စာရင်းကောက်များ အတည်ပြုသတ်မှတ်ခန့်ထားနိုင်ရေး စသည့်သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ချပြရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် သန်းခေါင်စာရင်းအသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများ၊ စပို့ရှပ်အင်္ကျီနှင့် ဦးထုပ်များဖြန့်ဝေပေးခဲ့ပြီး အစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သန်းခေါင်စာရင်းကော်မတီဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြောင်းသိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)